News

POST TYPE

POLITICAL

ဦးနေမျိုးဇင် အာမခံ လျှောက်ထားမှု ပယ်ချ ခံရ
19-Apr-2019

တိုက်ကြီး၊ ဧပြီ ၁၉

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံဆန္ဒပြပွဲတွင် တပ်မတော်၏ ဂုဏ်သိက္ခာနှင့်ပုံရိပ်ကျဆင်းစေရန်နှင့် ပြည်သူလူထု အထင်အမြင် လွဲမှားစေရန် ရည်ရွယ်ဟောပြောခဲ့သည်ဟုဆိုကာ တရားစွဲခံရသော ဦးနေမျိုးဇင်၏ အာမခံလျှောက်ထားမှုကို တိုက်ကြီးမြို့နယ်တရားရုံးက ပယ်ချ၍ အင်းစိန်ထောင်သို့ ပို့လိုက်သည်။

တပ်မတော်၏ ဂုဏ်သိက္ခာနှင့်ပုံရိပ် ကျဆင်းစေရန်နှင့် ပြည်သူလူထု အထင်အမြင် လွဲမှားစေရန် ရည်ရွယ်ဟောပြောခဲ့သော ဦးနေမျိုးဇင်ကို အရေးယူပေးရန် ရန်ကုန်တိုင်းစစ်ဌာနချုပ် စစ်ဥပဒေဌာနမှ ဒုတိယဗိုလ်မှူးကြီး တိုးလင်း၏ တိုက်ကြီးမြို့နယ် တရားရုံးသို့ ဧပြီလ ၃ ရက်နေ့က ဦတိုက်လျှောက်ထားမှုကို ရာဇသတ်ကြီးအမှုအမှတ် ၇၀၇ /၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က/ခ တို့ဖြင့် လက်ခံထားပြီး ယနေ့ (ဧပြီလ ၁၉ ရက်)တွင် စတင်စစ်ဆေးခဲ့ရာ ဦးနေမျိုးဇင် အာမခံ မရ၍ အင်းစိန် အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ပြီး ဧပြီလ ၃၀ ရက်နေ့သို့ ရုံးချိန်း ချိန်းဆိုထားကြောင်း တိုက်ကြီးမြို့နယ်တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“တပ်မတော်ရဲ့ ဂုဏ်သိက္ခာနှင့်ပုံရိပ် ကျဆင်းစေရန်နှင့် ပြည်သူလူထု အထင်အမြင် လွဲမှားစေရန် ရည်ရွယ်ဟောပြောခဲ့သည်ဟုဆိုပြီး အဲဒီပွဲကိုတတ်ရောက်တဲ့ ဗိုလ်ကြီးသန့်ဇော်ဝင်းက ဗွီဒီယို ဖိုင်နဲ့လာပြလို့ ဒုတိယဗိုလ်မှူးကြီး တိုးလင်းကတရားစွဲတယ် ပြောတယ် ဒီနေ့ တရားခွင်မှာတော့ တရားလိုကို မေးခွန်း အနည်းအကျဉ်းပဲ မေးတာပါ။ ကျွန်တော်တို့ အာမခံလျှောက်တာ တရားဥပဒေအရ အာမခံ ပေးလို့ မရဘူးလို့ပြောတယ်”ဟု ဦးနေမျိုးဇင် အမှုကို လိုက်ပါဆောင်ရွက်သည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ရှင်းပြသည်။

အဖျောက်မြို့ အမှတ် ၃ ရပ်ကွက် လိန်ပင်လမ်းရှိ ဗိုလ်ချုပ်ကြေးရုပ်အနီးတွင် ဧပြီလ ၁ ရက်နေ့က ပြုလုပ်ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်းရေး ထောက်ခံပွဲသို့ တိုက်ကြီးမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ဦးကျော်မြင့်နှင့် အမှတ်(၂) မဲဆန္ဒနယ်မြေမှ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလွင်စိုးမင်းတို့ အပါအဝင် နိုင်ငံရေးတတ်ကြွလှုပ်ရှားသူ စုစုပေါင်း လူအင်အား ၅၀၀ ခန့် တက်ရောက်ခဲ့ကြပြီး စာရေးဆရာ ထင်းလင်းဦး၊ ဦးနေမျိုးဇင်နှင့် နေရဲ (ခ) ဦးနန္ဒအောင်တို့က အသိပညာပေး ဟောပြောခဲ့ကြသည်။

R-19