News

POST TYPE

POLITICAL

ရိုက်တာ သတင်းထောက်နှစ်ဦး၏ အယူခံ နေပြည်တော်တရားလွှတ်တော်ချုပ်ရုံးတွင် နှစ်ဖက်လျှောက်လဲချက်ပေး
26-Mar-2019

ရန်ကုန်၊ မတ် ၂၆

ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရသည် ရိုက်တာသတင်းထောက် သက်ဦးမောင် (ခ) ကိုဝလုံးနှင့် ကိုကျော်စိုးဦး၏အယူခံကို နေပြည်တော်ရှိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၌ မတ်လ ၂၆ ရက်နေ့က နှစ်ဖက်လျှောက်လဲချက်ပေးခဲ့ကြောင်း သတင်းထောက်နှစ်ဦးရှေ့နေ့ ဦးသန်းဇော်အောင်က ပြောကြားသည်။

“လျှောက်လဲချက်ကို နှစ်ဖက်စလုံး တင်တယ်။ ဘယ်နေ့ ပြန်ချိန်းမလဲတော့ မသိသေးဘူး”ဟု ၎င်းကပြောဆိုသည်။

သတင်းထောက်နှစ်ဦး၏ လျှောက်လဲချက်တွင် စာမျက်နှာ ၂၀ ကျော်ပါရှိပြီး ထောက်ချောက်ဆင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အပါအဝင် အချက် ၁၃ ချက်တင်ခဲ့သည်ဟု ဦးသန်းဇော်အောင်က ရှင်းပြသည်။

တရားလိုဘက်ကမူ သတင်းထောက်နှစ်ဦး လက်ထဲမှရရှိသော စာရွက်စာတမ်းများသည် ထိပ်တန်းလျှို့ဝှက်ချက်များဖြစ်ကြောင်း လျှောက်လဲချက် တင်ခဲ့သည်ဟုလည်း ၎င်းကပြောဆိုသည်။

ရိုက်တာသတင်းထောက်နှစ်ဦးသည် နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ (၃- ဂ) ဖြင့်၂၀၁၈ ခုနှစ် စက်တင်ဘာ ၃ ရက်နေ့က မြောက်ပိုင်းခရိုင်တရားရုံးမှ ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ယင်းစီရင်ချက်အပေါ် ကျေနပ်မှုမရှိသည့်အတွက် သတင်းထောက်နှစ်ဦး၏ရှေ့နေ့များက ရန်ကုန်တိုင်းတရားရုံးတွင် ယခုနှစ် ဇန်နဝါရီလက အယူခံတင်သွင်းခဲ့ရာတွင် ယင်းတရားရုံးက ပယ်ချခဲ့သည်။

သတင်းထောက်နှစ်ဦးအနေနှင့် AA ရခိုင်လက်နက်ကိုင်အဖွဲ့ တာဝန်ရှိသူများ၏ ဖုန်းနံပါတ်နှင့် အဖွဲ့အစည်း ဖုန်းနံပါတ်များကို မှတ်သားထားခြင်းသည် နိုင်ငံတော် အကျိုးစီးပွားကို ထိခိုက်နိုင်သည်ဟုသုံးသပ်ကာ ရန်ကုန်တိုင်းတရားလွှတ်တော်က ယင်းအမှုကို ပလပ်ခဲ့ခြင်းဖြစ်သည်။

ရိုက်တာသတင်းထောက် နှစ်ဦးလွတ်မြောက်ရေးအတွက် မတ် ၂၆ ရက်နေ့ကလည်း သတင်းသမားများ ကာကွယ်ရေးကော်မတီ CPJ က တောင်းဆိုထားသည်။

J-18