News

POST TYPE

POLITICAL

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် မိုင်းလားအဖွဲ့ အထူးလေယာဉ်ဖြင့် ကျိုင်းတုံမြို့မှ ထွက်ခွာ
28-Jul-2016 tagged as

ကျိုင်းတုံ၊ ဇူလိုင် ၂၈ ရက်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် မိုင်းလား အထူးဒေသ (၄) ဥက္ကဋ္ဌ ဦးစိုင်းလင်း ဦးဆောင်သည့်အဖွဲ့သည် ယနေ့(ဇူလိုင်၂၈ရက်) မွန်းလွဲ ၂ နာရီခန့်က မြန်မာအမျိုးသား လေကြောင်းလိုင်း အထူးလေယာဉ်ဖြင့် ကျိုင်းတုံမြို့မှ နေတော်ပြည်တော်သို့ ထွက်ခွာသွားကြောင်း နှစ်ဖက် အဖွဲ့အစည်းများထံမှ သိရသည်။

"အထူးလေယာဉ်က ရန်ကုန်ကနေ လူမပါဘဲနဲ့ လာတာပါ။ သိရသလောက်က စင်းလုံးငှားလို့ သီးသန့် လာကြိုတာပါ။ ဦးစိုင်းလင်းနဲ့ဇနီး အပါအဝင် အားလုံး ၈၇ ဦး လိုက်ပါသွားတယ်"ဟု ကျိုင်းတုံခရိုင် မှုခင်းနှိမ်နင်းရေး အဖွဲ့ခေါင်းဆောင် ရဲအုပ်သန်းထွန်းက ပြောကြားသည်။

၂၁ရာစု ပင်လုံညီလာခံ ကျင်းပမည့်ကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးရန်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် "ဝ"၊ မိုင်းလား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ သီးသန့် တွေ့ဆုံမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားပြီး ယင်းအဖွဲ့များကို လာရောက် တွေ့ဆုံရန် ဖိတ်ခေါ်ထားသည်။

ပြီးခဲ့သည့်ဇွန်လ ၁၇ ရက်က ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီသည် မိုင်းလားမြို့သို့ သွားရောက်ခဲ့ပြီး "ဝ"ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)နှင့် မိုင်းလား အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) တို့ကို တွေ့ဆုံထားသည်။

ဓာတ်ပုံ - TT

  • VIA
  • TAGS