News

POST TYPE

POLITICAL

မြောက်ဦးတွင် စတင်ပစ်ခတ်သူမှာ မိမိတို့မဟုတ်ကြောင်း တပ်မတော်နှင့် AA နှစ်ဖွဲစလုံး ငြင်းဆို
19-Mar-2019

စစ်တွေ၊ မတ် ၁၉

ရှေးဟောင်း ယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့၌ မတ်လ ၁၈ ရက်နေ့ ညနေပိုင်းအချိန်က ပစ်ခတ်မှုဖြစ်စဉ်တွင် စတင်ပစ်ခတ်သူမှာ မိမိတို့မဟုတ်ကြောင်း တပ်မတော်နှင့် AA နှစ်ဖွဲ့စလုံးက ငြင်းဆိုလိုက်ကြသည်။

၂၀၁၉ ခုနှစ်၊ မတ်လ ၁၈ ရက် ညနေပိုင်းက မြောက်ဦးမြို့တွင်းနှင့် တပ်ရင်းဌာနချုပ်များအား ပစ်ခတ်နှောင့်ယှက်ရန် AA အဖွဲ့များ ရောက်ရှိနေကြောင်း မြောက်ဦးဒေသခံ ပြည်သူအချို့ထံမှ သတင်းရရှိသဖြင့် မြောက်ဦးမြို့နယ်၌ နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းတစ်ကြောင်းသည် မြို့နှင့် တပ်ရင်းဌာနချုပ်များ လုံခြုံရေးအတွက် မြောက်ဦးမြို့သို့ ပြန်လည်ဝင်ရောက်ခဲ့ရာ AA အဖွဲ့က မြောက်ဦးမြို့ရှိ နယ်မြေခံ တပ်ရင်းဌာနချုပ်များကိုလည်း ရပ်ကွက်နေ ပြည်သူလူထု နေအိမ်များကို အကာအကွယ်ရယူလျက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောင့်ယှက်ပစ်ခတ်ခဲ့ပြီး ပစ်ခတ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

AA ကမူ တပ်မတော်သည် ရခိုင်ပြည်သူလူထုအား ဦးတည်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ မိမိတို့နှင့် တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိကြောင်း သတင်းထုတ်ပြန်သည်။

“အရင်ဆုံး ငွေတောင်ပေါက် တံတားနားက တစ်ချိန်း နှစ်ချိန်းပစ်တယ်။ နောက် မိုးရွာသလို ရွာချလိုက်တာပဲ၊ တပ်က ကား ၇ စီးလောက်နဲ့လှည့်ပြီး ပစ်သွားတာ၊ တိုက်ပွဲဖြစ်တဲ့အသံမျိုးမှ မဟုတ်တာ အပြန်အလှန် ပစ်ခတ်တာမရှိဘူး”ဟု အမည်မဖော်လိုသည့်မြောက်ဦး မြို့ခံတစ်ဦးက ပြောသည်။

ထို့သို့ ပစ်ခတ်ပြီးနောက် ခဏ တိတ်ဆိတ်သွားကာ လက်နက်ကြီး အလုံး ၂၀ ခန့် ပစ်ခတ်သံကြားရကြောင်း မတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းအချိန်တွင်လည်း မိုင်းတစ်လုံး ပေါက်ကွဲသံ တစ်ခုကြားရပြီး လက်နက်ငယ်များဖြင့် ပတ်ခံသံများကြားရကြောင်း ၎င်း ကဆက်၍ ဆိုသည်။

ယင်းသို့ ပစ်ခတ်မှုကြောင့် မြောက်ဦးမြို့ ရွာဟောင်းတောရွာရှိ နေအိမ်တစ်လုံး၌ လက်နက်ကြီးကျ၍ မီးလောင်သွားကြောင်း ဒဏ်ရာရရှိသူ ဒေသခံ ၇ ဦးအနက် တစ်ဦးမှာ ပြင်းထန်ကြောင်း၊ အသက် ၈ နှစ်အရွယ် ကလေးတစ်ဦးတွင်လည်း ဒဏ်ရာရရှိပြီး စိုးရိမ်ကြောက်လန့်နေကြောင်း မြောက်ဦးမြို့နယ် ရခိုင်အမျိုးသားပါတီ(ANP) မှ အတွင်းရေးမှူး ကိုထွန်းနေဝင်းထံမှသိရသည်။

ထို့အပြင် မြောက်ဦးမြို့ စစ်တွေ- ရန်ကုန် ကားလမ်းပေါ်ရှိ ကမ္ဘောဇဘဏ်၌ တံခါးမကြီး၊ ပြတင်းပေါက် စသည်ဖြင့် ကျည်ဆန်ကျ၍ ပျက်စီးသွားကြောင်း၊ မြောက်ဦးဟိုတယ်ရှိ ဝန်ထမ်းများ နေထိုင်သည့်အဆောင်များတွင် ကျည်ဆန်များ ကျရောက်ခဲ့ပြီး ဆင်ချဆိပ်ရပ်ကွက်ရှိ နေအိမ်တစ်ဆောင်၏ ခေါင်မိုးမှာ ကျည်ဆန်ကျ၍ ပျက်စီးသွားကြောင်း ၎င်းကဆက်၍ ရှင်းပြသည်။

အလားတူ ကမ္ဘောဇ ဘဏ်ရှိ ရက္ခမုနိတောင်ကုန်းပေါ်ရှိဘုရားကြီး၌ ကျည်ဆန်ကျ၍ နှာခေါင်း၊ ရင်အုပ်တော်တို့ ပျက်စီးသွားသည်။

“AA ဟာ အရင်တုန်းကဆိုရင် ယူနီဖောင်းအဝတ်တွေနဲ့ တိုက်ခိုက်တယ်။ အခုမဟုတ်တော့ဘူး။ ကျွန်တော်တို့ ယူနီဖောင်းတွေကိုဝတ်ပြီး တိုက်ကွက်ဖော်လာတယ်။ ပြည်သူတွေက ကျွန်တော်တို့ ယူနီဖောင်းတွေ့တော့ ကျွန်တော်တို့ပဲ ထင်တာပေါ့၊ မြို့ပေါ်မှာမချနဲ့ တောထဲမှာ သတ္တိရှိရှိ ချလေ တောထဲမှာချရင် စစ်ဘေးရှောင်လည်းမရှိ ပြည်သူလူထုပေါ် မှန်စရာလည်းမရှိဘူ”ဟု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။

၎င်းကိစ္စနှင့် ပတ်သက်ပြီး AA မှပြန်ကြားရေးတာဝန်ခံ ခိုင်သုခ၏ သဘောထားမေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း ခေါ်ဆို၍ မရရှိခဲ့ပေ။

မြောက်ဦးရှိ ယဉ်ကျေးမှုအမွေအနှစ်များသည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် လုပ်ငန်းများ ဆောင်ရွက်နေသည့်အတွက် တပ်မတော်နှင့် AA တို့၏ ပစ်ခတ်မှုများကြောင့် ဘုရား၊ ပုထိုး၊ စေတီများ ထိခိုက်ပျက်စီးမှုများရှိလာ၍ မြောက်ဦးယဉ်ကျေးမှု အမွှေအနှစ်ဒေသကို စစ်မဲ့ဇုန်သဘောတူညီချက်ထားပေးရန် မြန်မာရှေးဟောင်းသုတေသန ပညာရှင်အသင်းက မတ်လ ၁၈ ရက်နေ့ က ကြေညာချက်ထုတ်ပြန်သည်။

မြောက်ဦးဒေသသည် ယဉ်ကျေးမှု အမွေအနှစ်ဒေသဖြစ်ပြီး ငြိမ်းချမ်းသည့်ဒေသတစ်ခုဖြစ်ခဲ့ရာမှ စစ်မီးတောက်သည့်ဒေသတစ်ခုအဖြစ် ဖန်တီးလာကြခြင်းအပေါ် ဝမ်းနည်းမိကြောင်း မြောက်ဦးဒေသခံတစ်ဦးဖြစ်သူ ရှေးဟောင်း သုတေသနပညာရှင် ဦးစောဖြူက ပြောကြားသည်။

“မြောက်ဦးက ရခိုင်ရဲ့ တကယ့် အမွေအနှစ်ဗျ။ ရတနာတစ်ခုဆိုလည်း မမှားဘူး။ ရခိုင်လူမျိုးတွေ အထွတ်အမြတ်ထားရမယ့် ဂုဏ်ယူစရာဒေသကြီးပါ။ အမြဲတမ်း ဘုရားပုထိုးတွေနဲ့ ငြိမ်းချမ်းနေခဲ့တာ။ ဒီနေရာကိုတော့ စစ်ပွဲနဲ့ မဖျက်ဆီးလိုက်ကြပါနဲ့လို့ ကျွန်တော်ပြောချင်တယ်”ဟု ၎င်းကပြောဆိုသည်။

လက်နက်ကိုင်ပဋိပက္ခများကြားတွင် ယဉ်ကျေးမှု အမွေအနှစ်များကို ကာကွယ်စောင့်ရှောင်နိုင်ရန် ရည်ရွယ်သည့် 1954 Hague နိုင်ငံတာကာ သဘောတူညီချက် (Convention for the Protection of Cultural Property in the event of Armed Conflict) ကို မြန်မာနိုင်ငံ ၁၉၅၆ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် သဘောတူညီ လက်မှတ်ရေးထိုးခဲ့ကြောင်း ၎င်းတို့၏ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

အလားတူ တပ်မတော်နှင့် AA တို့၏ တိုက်ပွဲကြောင့် အရပ်သား ထိခိုက်သေဆုံးမှုရှိပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးခြင်းတို့ ဖြစ်နေသဖြင့် အရပ်သားများကို အကာကွယ်ပေးရန်၊ ပြဿနာကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းကြရန်၊ ယဉ်ကျေးမှု အမွေအနှစ်နေရာများကို ထိန်းသိမ်းခြင်း အပါအဝင် လူသားချင်း စာနာမှုဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ ဥပဒေတို့ကို လိုက်နာရန်လိုအပ်ကြောင်း သက်ဆိုင်သူအားလုံးကို မြန်မာနိုင်ငံဆိုရင် ကုလသမဂ္ဂယာယီဌာနေ ကိုယ်စားလှယ်နှင့် လူသားစာနာမှုလုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ရေးမှူး Knut Ostby က မတ်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

မတ်လ ၁၉ ရက်နေ့ နေ့လယ်ပိုင်းအချိန်တွင်မှု မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာဘက်၌ တပ်မတော်က ဂျက်တိုက်လေယာဉ်များ အသုံးပြုပြီး ပစ်ခတ်လာကြောင်း ဒေသခံများက ဆိုကြသည်။

“ဒီနေ့ မြစ်ကျွန်းကို ကယ်ဆယ်ရေးသွားပေးတဲ့အခါ ဆန်ပေးနေတဲ့အချိန်မှာ ဂျက်လေယာဉ်တစ်စီးလာပြီး ဗုံးချက်သွားတာ ကျွန်တော်တို့ မျက်မြင်ကိုတွေ့မြင်ရတယ်။ အဲဒီရွာက လူတွေပြောတကတော့ ပထမ သုံးစီးလာပြီး ဗုံးချသွားတယ်လို့ ပြောကြတယ်”ဟု ကိုထွန်းနေဝင်းကဆိုသည်။

လက်ရှိအချိန် မြောက်ဦးမြို့ပေါ်၌ ဈေး၊အိမ်၊ အစိုးရဌာနဆိုင်ရာ ရုံးအချို့မှာပိတ်ထားပြီး မြို့ပေါ်တွင် လူသူ အသွားအလာနည်းပါးပြီး ခြောက်သွေးနေလျက်ရှိကြောင်း ဒေသခံများထံမှသိရသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မြို့နယ်ငါးမြို့နယ်တွင် စစ်ဘေးရှောင်နစ်သောင်းခန့် အထိရှိနိုင်ကြောင်း လူသားချင်း စာနာထောက်ထားမှု အဖွဲ့များက ခန့်မှန်းထားသည်။

J-08/R-22