News

POST TYPE

POLITICAL

ယခုလကုန်အထိ မှတ်ပုံတင်ခြင်းပျက်ကွက်သော ကုမ္ပဏီများကို စာရင်းပယ်ဖျက်မည်
10-Mar-2019
ရန်ကုန်၊ မတ် ၁၀ 

မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ ၂၀၁၇ ခုနှစ်အရ အီလက်ထရွန်နစ် ကုမ္ပဏီမှတ်ပုံတင်စနစ်ဖြင့် ကုမ္ပဏီများ ပြန်လည် မှတ်ပုံတင်ခြင်းကို ယခုမတ်လကုန်တွင် နောက်ဆုံးထား မလုပ်ဆောင်ပါက မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်သွားမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

လက်ရှိအချိန်တွင် အကြောင်းအမျိုးမျိုးကြောင့် ပြန်လည် မှတ်ပုံတင်ရန် ပျက်ကွက်ခဲ့သော ကုမ္ပဏီ (သို့မဟုတ်) အဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံကုမ္ပဏီများဆိုင်ရာ စည်းမျဉ်းများ အပိုဒ် ၄(ဃ) နှင့် သတ်မှတ်အခကြေးငွေ ပေးဆောင်ပြီး ပြန်လည် မှတ်ပုံတင်ခြင်းများကို ဆောင်ရွက်ကြရန် အဆိုပါဦးစီးဌာနက ထုတ်ပြန်လိုက်သည်။

ပြန်လည် မှတ်ပုံတင်ခြင်းကိစ္စများကို ၂၀၁၉ ခုနှစ် မတ်လ ၃၀ ရက်နေ့နောက်ပိုင်းတွင် တင်ပြလာပါက မှတ်ပုံတင်ခြင်းကိစ္စများကို လက်ခံဆောင်ရွက်ပေးမည်မဟုတ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

အီလက်ထရွန်နစ်စနစ်ဖြင့် ကုမ္ပဏီမှတ်ပုံတင် ဆောင်ရွက်သည့်စနစ် (MyCO) ဖြင့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ လကုန်အထိ ကုမ္ပဏီပေါင်း ခြောက်သောင်းခန့် ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

လက်တလောတွင် MyCO စနစ်ဖြင့် မှတ်ပုံတင်ရန် ကျန်ရှိနေသော ကုမ္ပဏီပေါင်း တစ်သောင်းကျော်ရှိပြီး ယင်း ကုမ္ပဏီများထဲတွင် ကုမ္ပဏီမှတ်ပုံတင်ထားပြီး လုပ်ငန်းဆက်လက်လုပ်ဆောင်နေခြင်းမရှိသည့် ကုမ္ပဏီများလည်း ပါဝင်နိုင်ကြောင်း DICA ထံမှ သိရသည်။

၂၀၁၇ ခုနှစ်တွင် အတည်ပြုခဲ့သည့် မြန်မာနိုင်ငံ ကုမ္ပဏီအက်ဥပဒေသစ်အရ တစ်နိုင်ငံလုံးရှိ မှတ်ပုံတင်ပြီးသား ကုမ္ပဏီများသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနတွင် အီလက်ထရွန်နစ် မှတ်ပုံတင်စနစ် (MyCO) ဖြင့် ၂၀၁၈ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အတွင်း ပြန်လည် မှတ်ပုံတင်ရခြင်းဖြစ်သည်။

J-01