News

POST TYPE

POLITICAL

မိုင်ဂျာယန် မျက်နှာစုံညီ အစည်းအဝေး ဒုတိယနေ့ ဆွေးနွေးမှု သတင်းထုတ်ပြန်၊ ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲရာတွင် အခြေခံရမည့် မူများအတွက် အလုပ်အဖွဲ့ ဖွဲ့စည်း
28-Jul-2016

မိုင်ဂျာယန်၊ ဇူလိုင် ၂၈


ကချင်ပြည်နယ် မိုင်ဂျာယန်မြို့၌ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေးကို ဇူလိုင် ၂၇ ရက်က ဒုတိယနေ့အဖြစ် ကျင်းပခဲ့ပြီး ယင်းအစည်းအဝေးက သတင်း ထုတ်ပြန်ချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

ယင်း သတင်း ထုတ်ပြန်ချက်တွင် အဓိကအားဖြင့် ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပြည်နယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ အခြေခံမူများ၊ ဘုံသဘောထားများ ချမှတ်နိုင်ရန် ဖက်ဒရယ် အခြေခံမူနှင့် ဝိသေသ လက္ခဏာများဆိုင်ရာ စစ်တမ်းတင်သွင်းခြင်း၊ ဖက်ဒရယ် ပြည်ထောင်စုနှင့် ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခြေခံမူများဆိုင်ရာ စုစည်းတင်ပြချက်များ တင်သွင်းခဲ့ပြီး ခေါင်းဆောင် ကိုယ်စားလှယ်များက အပြန်အလှန် အမေး၊ အဖြေများ၊ အမြင် သဘောထား ဖလှယ်ခြင်းများ ပြုလုပ်ခဲ့ကြပြီး စာတမ်းများကို မှတ်တမ်းတင်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် မပါမဖြစ် ပါဝင်ရမည့် အခြေခံမူများအဖြစ် အချက် ရှစ်ချက်ဖြစ်သည့် အချုပ်အခြာ အာဏာ၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု၊ တိုင်းရင်းသား လူနည်းစုများ၏ အခွင့်အရေးများကို ကာကွယ်ခြင်း၊ ဒီမိုကရေစီ အခွင့်အရေး၊ အခြေခံ လူ့အခွင့်အရေးနှင့် ကျား/မ ဆိုင်ရာ တန်းတူညီမျှမှု၊ ပါတီစုံ ဒီမိုကရေစီနှင့် ဘာသာရေးကို အခြေမခံသော နိုင်ငံစသည်တို့ကို အဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင် ကိုယ်စားလှယ်များက ဆွေးနွေးပြီး အသေးစိတ်ကို ကျန်သည့် အစည်းအဝေး ရက်များအတွင်း ဆက်လက် ဆွေးနွေးသွားရန် သဘောထား ချမှတ်ခဲ့သည်ဟု ယင်းသတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအစည်းအဝေးက ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲရာတွင် အခြေခံရမည့် မူများကိုလည်း ဆွေးနွေးပြီး အသေးစိတ် ဆက်လက် ဆွေးနွေးနိုင်ရန် အလုပ်အဖွဲ့ တစ်ဖွဲ့ကိုလည်း ဖွဲ့စည်းလိုက်ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။




  • VIA