News

POST TYPE

POLITICAL

IFC က METRO Wholesale Myanmar ကို ကန်ဒေါ်လာသန်း ၂၀ ထောက်ပံ့
02-Mar-2019
ရန်ကုန်၊ မတ် ၂ 

ကမ္ဘာ့ဘဏ်အုပ်စုအဖွဲ့ဝင် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) က မြန်မာနိုင်ငံတွင် စားသောက်ကုန်လုပ်ငန်း လုပ်ကိုင်လျက်ရှိသော METRO Wholesale Myanmar ကို အမေရိကန်ဒေါ်လာ သန်း ၂၀ ထောက်ပံ့ကူညီထားကြောင်း အဆိုပါ အဖွဲ့အစည်းက သတင်းထုတ်ပြန်သည်။

METRO Wholesale Myanmar ကို ပြည်တွင်းရှိ အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်နိုင်ရေး၊ စားသောက်ကုန် ဘေးအန္တရယ်ကင်းရှင်းရေးနှင့် ပြည်တွင်းရှိ စားသောက်ကုန်ဖြန့်ဖြူးရောင်းချသူများ၊ ဝယ်ယူသူများနှင့် စားသုံးသူများကို အကျိုးကျေးဇူးရရှိရေးများ ဆောင်ရွက်နိုင်ရန်အတွက် ယင်းသို့ကူညီထောက်ပံ့ခြင်းဖြစ်ကြောင်း IFC ထံမှ သိရသည်။

“ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ အရည်အသွေးမြင့်မားပြီး၊ ဘေးအန္တရယ်ကင်းရှင်းတဲ့ စားသောက်ကုန်တွေ ပေါ်ထွန်းလာစေဖို့ နဲ့ စိုက်ပျိုးမွေးမြူရေးကဏ္ဍထွက် ပြည်ပ ပို့ကုန်ပမာဏ ပိုပြီးတိုးတက်ကောင်းမွန်လာစေဖို့ပဲဖြစ်ပါတယ်”ဟု IFC ၏ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ ကိုယ်စားပြု၊ ဌာနေမန်နေဂျာ Mr.Vikram Kumar က ပြောကြားသည်။

METRO Wholesale Myanmar သည် သီလဝါ အထူးစီးပွားရေးဇုန်တွင် စားသောက်ကုန်သိုလှောင်ရုံ ဖွင့်လှစ်ထားပြီး ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ အစားအသောက် ချက်ပြုတ်ပြင်ဆင်တည်ခင်းသော လုပ်ငန်းများ၊ အသေးစားပုဂ္ဂလိက လက်လီဆိုင်များနှင့် ကုမ္ပဏီရုံးခန်းများအတွက် စားသောက်ကုန်များအားလုံးကို တစ်နေရာတည်းတွင် မှာယူနိုင်ပြီး သယ်ယူပို့ဆောင်ရေးအထိ အလုံးစုံ လုပ်ဆောင်ပေးသော လုပ်ငန်းတစ်ခုဖြစ်သည်။

အဆိုပါ စားသောက်ကုန် လက်ကားဖြန့်ချိရေး ကုမ္ပဏီသည် နိုင်ငံတကာတွင် ဦးဆောင်နေသော METRO AG အဖွဲ့အစည်းနှင့် Yoma Strategic Holdings လီမိတက်တို့ အကျိုးတူပူးပေါင်းထားသော ကုမ္ပဏီဖြစ်သည်။

J-01