News

POST TYPE

POLITICAL

အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ ယနေ့ ဖွဲ့စည်းမည်
19-Feb-2019
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈

အခြေခံဥပဒေကို ဆောလျင်စွာ ပြင်ဆင်နိုင်ရေးအတွက် လွှတ်တော်တွင်း ပါတီအားလုံးပါဝင်သော ပူးပေါင်းကော်မတီ တစ်ရပ်ဖွဲ့စည်းထားမှုကို ယနေ့ (ဖေဖော်ဝါရီ ၁၉ ရက်)တွင် ကျင်းပမည့် ပြည်ထောင်စု လွှတ်တော်တွင် အဆုံးအဖြတ်ရယူမည် ဖြစ်သည်။

ယင်းကော်မတီကို အဖွဲ့ဝင်ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် (ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ)၊ အတွင်းရေးမှူး ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ အတွင်းရေးမှူးအဖြစ် ဒေါက်တာမြတ်ဉာဏစိုး၊ ဦးပြုံးချိုတို့ အပါအဝင် အဖွဲ့ဝင် ၄၁ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံ ကြိုတင်အကြောင်းကြားစာအရ သိရသည်။

ကော်မတီသည် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ဒီမိုကရေစီစံနှုန်းနှင့် ညီညွှတ်မှုရှိစေရန်၊ ရှေ့နောက် ညီညွတ်၍ ဆန့်ကျင်ကွဲလွဲမှုမရှိသည့် ပြဋ္ဌာန်းချက်များ ဖြစ်ပေါ်လာစေရန်နှင့် ပါတီစုံ ဒီမိုကရေစီအတွက် အဟန့်အတားဖြစ်စေသည့် ပြဋ္ဌာန်းချက်များကို ပြင်နိုင်ရန်အတွက် ပြောင်းလဲလာသည့်ခေတ်နှင့်အညီ သုံးသပ်ပြင်ဆင်နိုင်ရန် ရည်ရွယ်ထားကြောင်း အကြောင်းကြားချက်တွင် တွေ့ရသည်။

ကော်မတီပါ ၄၅ ဦးတွင်အဖွဲ့ဝင်များအဖြစ် တပ်မတော်သားကိုယ်စားလှယ် ၉ ဦး ကြံ့ခိုင်ရေးပါတီဝင် ၂ ဦး၊ ရခိုင်အမျိုးသား ပါတီဝင် ၁ ဦး၊ တိုင်းရင်းသားပါတီ ၁၂ ခုမှ ၁၂ ဦး(တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တစ်ဦး အပါအဝင်) နှင့် ကျန်ရှိသည့်ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ အဖွဲ့ဝင်များမှာ NLD ပါတီဝင်များကို အချိုးကျဖွဲ့စည်းရန် လုပ်ဆောင်ထားခြင်းဖြစ်သည်။

ကော်မတီသည် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့ကို တစ်ဖက်စောင်းနင်းဖြစ်စေသည့် ပြဋ္ဌာန်းချက်များ၊ နိုင်ငံသားများ၏ တန်းတူညီမျှမှုကို အကာအကွယ်မပေးနိုင်သည့် ပြဋ္ဌာန်းချက်နှင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးအတွက် အဟန့်အတားဖြစ်စေသော ပြဋ္ဌာန်းချက်များကို ဒီမိုကရေစီစံနှုန်းနှင့်အညီ စနစ်တကျ ပြင်ဆင်ဆောင်ရွက်နိုင်ရန် ဦးတည်ဆောင်ရွက်သွားရမည်ဖြစ်သည်။

ယင်းကော်မတီကို ဖွဲ့စည်းနိုင်ရေးအတွက် ဇန်နဝါရီ ၂၉ ရက်ကကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် NLD ပါတီဝင် ဦးအောင်ကြည်ညွန့်က အရေးကြီးအဆိုဖြင့် တင်သွင်းခဲ့ခြင်းဖြစ်သည်။

ကော်မတီဖွဲ့နိုင်ရေး ယင်းအဆိုကို တပ်မတော်အပါအဝင် ကြံ့ခိုင်ရေးပါတီဝင်တို့က ကန့်ကွက်ခဲ့သော်လည်း လွှတ်တော်၏ အတည်ပြုချက်ကြောင့် အစုအဖွဲ့အားလုံး ပါဝင်သော ညှိနှိုင်းဆွေးနွေးမှုကို လွှတ်တော် နာယက ဦးတီခွန်မြတ် ဦးဆောင်၍ နှစ်ကြိမ် သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ရသည်။

ယင်းကော်မတီဖွဲ့တော့မည့်ကိစ္စကို The Voice အနေဖြင့် ဖေဖော်ဝါရီ ၁၈ ရက် ညနေပိုင်းက ကြံ့ခိုင်ရေးပါတီဝင် ဦးသောင်းအေးနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဇဝနကိုလည်းကောင်း ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဆက်သွယ်ပြောကြားပေးမည်ဟုသာ ဖြေကြားခဲ့သည်။ 

S-01