News

POST TYPE

POLITICAL

မန္တလေးတွင် အခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံပွဲပြုလုပ်
11-Feb-2019

မန္တလေး၊ ဖေဖော်ဝါရီ ၁၁

ပြည်ထောင်စုလွှတ်တော်တွင် စတင်ဆောင်ရွက်နေသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လုပ်ဆောင်နေမှုကို ထောက်ခံသည့်အနေဖြင့် မန္တလေးမြို့ မဟာအောင်မြေမြို့နယ်အတွင်းရှိ လူထုဟစ်တိုင်ကွင်းတွင် ဖေဖော်ဝါရီ ၁၁ ရက်နေ့ မွန်းလွဲပိုင်းက ထောက်ခံပွဲပြုလုပ်ခဲ့သည်။

ပြည်ထောင်စုလွှတ်တော်မှ လုပ်ဆောင်နေသည်ကို ပြည်သူလူထုအနေဖြင့်လည်း ပါဝင်အားဖြည့်သည့်အနေဖြင့် ယခုကဲသို့ ထောက်ခံပွဲကျင်းပရခြင်းဖြစ်ကြောင်း ပွဲကျင်းပသူများကဆိုသည်။

“အစိုးရနဲ့ ပြည်သူလူထုနဲ့ ချုပ်ဆိုထားတဲ့ ကတိကဝတ် စာချုပ်လိုမျိုးနဲ့တူတဲ့ ဒီဖွဲ့စည်ပုံနဲ့ လုပ်ခဲ့တာတွေက ပြည်သူလူထုတွေ ခံခဲ့ရတာပါ။ ဒါကြောင့်မို့လို့ ပြင်ချင်တာ။ ဘယ်ပုဒ်မတွေ ပြင်ချင်လဲဆိုတာကတော့ ကျွန်တော်တို့က ဥပဒေပညာရှင် မဟုတ်ဘူး။ ကျွန်တော်တို့ ပြည်သူလူထုရဲ့ကိုယ်စား လွှတ်တော်ကိုယ်စားလှယ်တွေရှိတယ်။ ဘယ်ပုဒ်မတွေ ပြင်သင့်တယ်ဆိုတာတော့ သူတို့လုပ်ရမှာဖြစ်တယ်”ဟု ယင်းပွဲဦးဆောင်ကျင်းပသူ ကဗျာဆရာ ကိုကျော်ကြီးက ပြောဆိုသည်။

ယင်းထောက်ခံပွဲကို မန္တလေး အပါအဝင် အနီးတစ်ဝိုက်မြို့များမှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ ခြေဥပြင်ဆင်ရေး စိတ်ဝင်စားပြီးထောက်ခံသူများ၊ ကဗျာဆရာများ၊ ဆိုင်းဆရာများ စုပေါင်းကာ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး စိန်ဒူးဝါးဆိုင်းဝိုင်းမှ ဖျော်ဖြေမှုများ၊ ကဗျာရွတ်ဖတ်မှုများ လုပ်ဆောင်ပြီး ယာဉ်များပေါ်တွင် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးတောင်းဆိုသည့် စတစ်ကာများကပ်ခြင်း၊ ခေါင်းစည်းများ စည်းခြင်း၊ လက်ပတ်များ ပတ်ခြင်းတို့တွင် လူပေါင်းထောင်ချီပါဝင်ခဲ့သည်။

“ကျွန်တော်တို့ မျှော်လင့်ခဲ့တာကကြာပြီ။ ခုပြည်သူတင်မြောက်တဲ့ အစိုးရတက်လာချိန်မှာလည်း ဒါကိုကြွေးကြော်ပြီး တက်လာတယ်။ ဒီနေ့မှာ အခြေခံဥပဒေပြင်ဆင်ရေးကို လုပ်ဆောင်လာပြီ။ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့က အတိုင်းထက်အလွန်ဝမ်းသာမိတယ်။ ကျန်နေတဲ့ သက်တမ်းတစ်နှစ်လောက်အတွင်းမှာ မပြီးရင်တောင် ဒါကို အစစွဲထုတ်လိုက်ပြီးဖြစ်သွားရင် နောင်ဘယ်အစိုးဖြစ်ဖြစ် ဒါကို ဆက်လုပ်ရတော့မှာဖြစ်ပါတယ်”ဟု ဆိုင်းဆရာ စိန်ဒူးဝါးက မှတ်ချက်ပြုပြောဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးအတွက် ဖေဖော်ဝါရီ ၅ ရက်နေ့က ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်တွင် ကော်မတီတစ်ရပ်ဖွဲ့စည်းရေး အရေးကြီးအဆိုတစ်ခုကို တင်သွင်းခဲ့ပြီး ဖေဖော်ဝါရီ ၆ ရက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ် ၃၁ ဦးက မဲခွဲဆုံးဖြတ်ပြီး အတည်ပြုနိုင်ခဲ့သည်။

M-04