News

POST TYPE

POLITICAL

ဘားအံတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဝေဒနာရှင်များကို အခမဲ့ကုပေးမည်
10-Feb-2019


ဘားအံ၊ ဖေဖော်ဝါရီ ၁၀

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဝေဒနာရှင်များနှင့် မီးလောင်ဒဏ်ရာ၊ အဆီအဖုအကြိတ်ဝေဒနာရှင်များကို ဂျာမနီနှင့် ပြည်တွင်းမှ ကျွမ်းကျင်ဆရာဝန်ကြီးများဖြင့် ဘားအံမြို့တွင် ဖေဖော်ဝါရီ ၁၆ ရက်မှ မတ်လ ၂ ရက်အထိ အခမဲ့ ကုပေးမည်ဖြစ်ကြောင်း ကရင်ပြည်နယ် လူငယ်မောင်မယ်များအဖွဲ့ထံမှ သိရှိရသည်။

နေရေးအတွက် သုမေဓါရာမကြားတောရ၌ နေရာချပေးမည်ဖြစ်ပြီး ဘားအံဆေးရုံကြီး လေးထပ်ဆောင်တွင် ကုပေးမည်ဖြစ်ကြောင်း၊ ဘားအံမြို့နယ်အနီးဝန်းကျင်ရှိ လူနာများကို အသွားအပြန် ခရီးကြိုပို့ပေးမည်ဖြစ်ပြီး နယ်ဝေးမှလာသူများကို အပြန်ခရီးစရိတ်ပေးနိုင်ရန် စီစဉ်နေကြောင်း၊ နယ်ဝေးလာကုသူများကို စာရင်းကောက်လျက်ရှိကြောင်း ယင်းအဖွဲ့ထံမှ သိရှိရသည်။ 

ကရင်ပြည်နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များလည်း ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ လူနာစာရင်းကောက်ယူမှုနှင့် လက်ခံမှုများပြုလုပ်ရဦးမည်ဖြစ်၍ ဖေဖော်ဝါရီ ၁၈ ရက်မှသာ ခွဲစိတ်မှုများ စလုပ်နိုင်မည်ဟု ယင်းအဖွဲ့ခေါင်းဆောင် ဦးအောင်မိုးက ပြောသည်။ 

ဘားအံအခြေစိုက် Youth Power အဖွဲ့မှ ကိုအောင်မိုးလှိုင်က “အဲ့ဒီနေ့မှာ သွေးလှူရှင် (၂၀) လောက် စုပေါင်းသွေးလှူဖြစ်မယ်။ အရေးပေါ် အခြေအနေအတွက်လည်း သွေးမဖောက်သေးဘဲ လိုအပ်ရင်လိုအပ်သလို သွေးဖောက်နိုင်ဖို့ လူငယ်တွေ စုထားတာလည်းရှိတယ်။ အယောက် ၄၀ လောက်ရန်ထားတယ်”ဟု ပြောသည်။

ကုသရေးအတွက် ယခု ၁၄ ရက်တွင် နောက်ဆုံးတွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်မည်ဖြစ်ကာ ယင်းနေ့တွင် သက်ဆိုင်ရာ လူမှုအဖွဲ့အသီးသီးမှ တင်ပြလာသည့် အချက်အပေါ် မူတည်ပြီးမှသာ ကုသမှုခံယူမည့် လူဦးရေစာရင်းကို သိရမည်ဖြစ်ကြောင်း မာဃလူမှုကူညီရေးအသင်းထံမှ သိရှိရသည်။ 

R-17