News

POST TYPE

POLITICAL

အရပ်သားများကို မထိခိုက်စေဖို့ တပ်မတော်နှင့် AA ကို ယန်ဟီးလီ တိုက်တွန်း
21-Jan-2019

နယူးယောက်၊ ဇန်နဝါရီ ၂၁

မြန်မာနိုင်ငံအတွင်းသို့ ပြည်ဝင်ခွင့် ပိတ်ခံထားရသော ကုလသမဂ္ဂ၏ လူ့အခွင့်အရေး အစီရင်ခံစာ တင်သွင်းသူ မစ်စ်ယန်ဟီးလီက ရခိုင်ပြည်နယ် လတ်တလော တိုက်ပွဲများအတွင်း ပြည်နယ်နေ ပြည်သူများကို အကာအကွယ်ပေးရေးနှင့် မထိခိုက်ရအောင် ပြင်ဆင်မှုများ ဆောင်ရွက်ပါရန် မြန်မာနိုင်ငံသို့ တောင်းဆိုလိုက်သည်။

ရခိုင်ပြည်နယ်အစိုးရက ပဋိပက္ခနယ်မြေအတွင်းရှိ အကူအညီပေးရေး အေဂျင်စီအများအပြားကို ပြန်ထွက်ကြရန် ညွှန်ကြားလိုက်ပြီးနောက် ယန်ဟီးလီက ယင်းကိစ္စအတွက် စိုးရိမ်ကြောင်း ပြန်လည် တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

တပ်မတော်နှင့် ရခိုင့်တပ်မတော် AA တို့ တိုက်ပွဲများဖြစ်ပွါးနေရာ စစ်ဘေးရှောင်အရေအတွက် များလာနေပြီး အကူအညီများ လိုအပ်နေသည်ဟု ရခိုင်အဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။ 

“အင်အားစုနှစ်ရပ်လုံးက အရပ်သားတွေကို မထိခိုက်စေဖို့အတွက် ကြိုတင်ကာကွယ်မှုတွေ ရှိသင့်ပါတယ်”ဟု ယန်ဟီးလီက ပြောကြားခဲ့သည်။ 

ရဲတပ်ဖွဲ့ စခန်းများကို AA ၏ တိုက်ခိုက်မှုအား ယန်ဟီးလီက ကန့်ကွက်ရှုတ်ချခဲ့သလို တပ်မတော်၏ အင်အားအချိုးအစား ကြီးစွာ ပြန်လည် တုံ့ပြန်လာမည်ကိုလည်း စိုးရိမ်မိကြောင်း ပြောဆိုခဲ့သည်။

“အရပ်သားတွေကို ထိခိုက်မယ့် ကြမ်းတမ်းမှုမျိုးကို တပ်မတော်ရော AA ပါ မလုပ်သင့်ပါဘူး”ဟု လီက ဆိုသည်။ 

ဇန်နဝါရီလ ၄ ရက်နေ့ AA တိုက်ခိုက်မှုပြီးနောက် တပ်မတော်က ရခိုင်ပြည်နယ်သို့ တပ်အင်အားများစွာ စေလွှတ်ထားသည်ဟု သတင်းများကဆိုသည်။

လိုအပ်ပါက ရဟတ်ယာဉ်များဖြင့် ရခိုင့်တပ်မတော် AA ကို တိုက်ခိုက်ချေမှုန်းရန် သမ္မတရုံးက ညွှန်ကြားကြောင်း မြန်မာ့တပ်မတော်က ဆိုထားသည်။

“ရခိုင်တိုင်းရင်းသား၊ မြို၊ ဒိုင်းနတ်၊ ဟိန္ဒူနဲ့ ရိုဟင်ဂျာစတဲ့ ပြည်နယ်နေ ပြည်သူများဟာ အတော်ကို ဒုက္ခရောက်ကြပါတယ်”ဟု ယန်ဟီးလီကဆိုသည်။

ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်အသိုင်းအဝိုင်းကို နိုင်ငံတကာနှင့် ပြည်ပရောက် အဆိုပါ ရပ်ရွာအင်အားစုများက ရိုဟင်ဂျာဟု ခေါ်ဆိုကြပြီး ပြည်တွင်းတွင် အများအပြားက ဘင်္ဂါလီဟု သုံးနှုန်းသည်။