News

POST TYPE

POLITICAL

မကွေးတွင် စည်ပင်အခွန်ကောက်ပုံပြောင်း
19-Jan-2019

မကွေး၊ ဇန်နဝါရီ ၁၉

မကွေးမြို့နယ် စည်ပင်သာယာရေး နယ်နမိတ်အတွင်းရှိ နေအိမ်အဆောက်အအုံများအပေါ် ကောက်ခံနေသည့် အခွန်ပုံစံကို ယခုဘဏ္ဍာနှစ်အစမှစတင်၍ ပြောင်းလဲကောက်ခံနေကြောင်း ယင်းမြို့စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

စည်ပင်မှ ပစ္စည်းခွန်ကောက်ခံရာတွင် ယခင်က တစ်နှစ်လျှင် နှစ်ကြိမ်ကောက်ခံရာမှ ယခုဘဏ္ဍာနှစ်တွင် တစ်ကြိမ်တည်းပေါင်းကာ ကောက်ခံမည်ဖြစ်ကြောင်း ယခင်က ခြောက်လတစ်ကြိမ်နှုန်းဖြင့် တစ်နှစ်လျှင် နှစ်ကြိမ် ကောက်ခံခဲ့သော်လည်း အခွန်ဌာန၏တင်ပြချက်အရ ဝန်ထမ်းအင်အား မလုံလောက်သဖြင့် ကွန်ပျူတာစနစ်ဖြင့် တစ်နှစ်လျှင် တစ်ကြိမ်တည်းပေါင်း၍ ကောက်ခံသွားမည်ဖြစ်ကြောင်း ယင်းမြို့နယ်စည်ပင်ထံမှ သိရသည်။

“အခွန်ကောက်တဲ့နှုန်းထားကို မပြောင်းပါဘူး။ အခုလို ပေါင်းကောက်လိုက်တဲ့အတွက် စီးပွားရေးကျပ်တည်းတဲ့ မိသားစုတွေအတွက် နည်းနည်းတော့ အကျပ်အတည်းဖြစ်မှာပေါ့။ ဌာနဘတ်ဂျက်ကျတော့ တစ်ကြိမ်တည်းပြီးတော့ ဖြည့်စွက်တို့၊ ဘာတို့လျာထားတဲ့နေရာမှာ နည်းနည်းပိုပြီးအဆင်ပြေတာပေါ့”ဟု မကွေးမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဖိုးနီက ပြောဆိုသည်။

ထိုသို့ ပြောင်းလဲကောက်ခံခြင်းမှာ တိုင်းစည်ပင်သာယာရေးအဖွဲ့၏ ညွှန်ကြားချက်နှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ IT နည်းပညာအသုံးပြုကာ ကွန်ပျူတာစနစ်ဖြင့် ပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်

အခွန်ပြောင်းလဲကောက်ခံမှုများကို သက်ဆိုင်ရာ ရပ်/ကျေး ဥက္ကဋ္ဌများထံ အကြောင်ကြားစာများ ပေးပို့ထားပြီး စည်ပင်သာယာအဖွဲ့မှ အခွန်ကောက်ခံသည့်အခါ ပြည်သူများအနေဖြင့် ငွေကြေးမပြေလည်သေးပါက ဆိုင်းငံ့ကာ ရက်ချိန်းပေးမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ထံမှ သိရသည်။

“အခွန်ဆောင်ဆိုရင် ခွဲပြီးဆောင်ရတာ ကောင်းတာပေါ့။ ပေါင်းဆောင်ရရင်တော့ အခွန်ထမ်းပြည်သူအတွက် မကောင်းဘူး။ တစ်နှစ်ကို နှစ်ကြိမ်ခွဲဆောင်ရတယ်ဆိုရင် အခွန်ထမ်းပြည်သူအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်တော့ဘူး။ တစ်နှစ်စာလုံးကို တစ်ကြိမ်တည်းဆောင်ရရင် ပြည်သူတွေအတွက် အစ်(ခက်ခဲကြပ်တည်း)သွားတာပေါ့”ဟု မြင်သာရပ်ကွက်မှ ဦးကျော်စွာက ပြောဆိုသည်။

R-23