News

POST TYPE

POLITICAL

မြဝတီတွင် မီးခံသေတ္တာခိုးယူသည့်အဖွဲ့ကိုဖမ်းမိ
17-Jan-2019
ဘားအံ၊ ဇန်နဝါရီ ၁၇

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ နေအိမ်တစ်အိမ်မှ မီးခံသေတ္တာခိုးယူသည့်အဖွဲ့ကို ဇန်နဝါရီလ ၁၆ ရက်နေ့ နေ့လယ်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း မြဝတီမြို့မရဲစခန်းထံမှ သိရသည်။

မီးခံသေတ္တာအခိုးခံရသူ ဦးမျိုးလွင် (၄၀-နှစ်)သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့ မြိုင်ကြီးငူဒေသသို့ ရောက်ရှိနေစဉ် ဇနီးဖြစ်သူ မလှိုင်မိုးသူ (၄၀) နှစ်မှ နေအိမ်အိပ်ခန်းအတွင်းထားရှိသော မီးခံသေတ္တာ မရှိတော့ကြောင်း ဖုန်းဆက်အကြောင်းကြားလာသဖြင့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၁ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ဦးမျိုးလွင်အိမ်သို့ ပြန်လည်ရောက်ရှိလာပြီး နေအိမ်အတွင်းစစ်ဆေးပြီးနောက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြဝတီမြို့မရဲစခန်းသို့ ရာဇသတ်ကြီး ပုဒ်မ-၃၈၀ ဖြင့် တိုင်ချက်ဖွင့် အရေးယူထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

ထိုသို့တိုင်တန်းချက်အရ မြဝတီမြို့မရဲစခန်းမှ လိုက်လံစုံစမ်းရာ ဇန်နဝါရီ ၁၆ ရက်နေ့က မြဝတီမြို့၊ အမှတ် (၃) ရပ်ကွက်၊ အေးသာယာ (၃) လမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ ထက်လင်းနှင့် ပြည့်ဖြိုးသိန်းနှစ်ဦးတို့ကို စစ်ဆေးမေးမြန်းရာမှ ထိုအဖွဲ့ကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

၎င်းတို့နှစ်ဦးထံမှ သတင်းအရ စောထူး (ခ) အောင်ကိုဝင်းထံ အပ်နှံထားသည်ဟုဆိုသဖြင့် ဆက်လက်ရှာဖွေရာ စောထူး၏နေအိမ်မှ သော့ဖျက်ဖွင့်ထားသော ခဲရောင်မီးခံသေတ္တာတစ်လုံးနှင့် မီးခံသေတ္တာအတွင်းမှ ရွှေထည်ပစ္စည်းများ၊ ကျောက်မျက်ရတနာများ၊ ငွေစုစာအုပ်၊ မြန်မာငွေရောရာကျပ် (၁၁) သိန်းကျော်၊ ပုလဲလော့ကတ်သီးနှင့် မြေအရောင်းအဝယ်စာချုပ် နှစ်စောင်တို့နှင့် ယင်းနေအိမ်ရှေ့တွင် ရပ်ထားသော မတ်တူးအမျိုးအစားအဖြူရောင် မော်တော်ယာဉ်တစ်စီးတို့ကိုသိမ်းဆည်းရမိခဲ့ကြောင်း မြဝတီရဲစခန်းထံမှ သိရသည်။

မြဝတီမြို့မရဲစခန်းက နေအိမ်ဖောက်ထွင်း ဝင်ရောက်ခိုးယူသူများဖြစ်ကြသော မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ အေးသာယာ (၃) လမ်းနေထိုင်ကြသည့် စောထူး (ခ) အောင်ကိုဝင်း (၃၄ နှစ်)၊ ထက်လင်း(၁၇ နှစ်)နှင့် ပြည်ဖြိုးသိန်း (ခ) ကတုံး(၂၈ နှစ်)တို့သုံးဦးကို ရာဇသတ်ကြီး ပုဒ်မ-၃၈၀ ဖြင့် ဆက်လက်စစ်ဆေးနေပြီး ကျန်ရှိနေသည့် သက်သေခံပစ္စည်းများနှင့် တရားခံများကို ဆက်လက်ဖော်ထုတ်နိုင်ရန်ဆောင်ရွက်နေကြောင်း ယင်းရဲစခန်းကဆိုသည်။

R-17