News

POST TYPE

POLITICAL

မှုခင်းဖြစ်ရပ်များနှင့် အဂတိလိုက်စားမှု ဆက်စပ်နေကြောင်း အဂတိကော်မရှင်ဥက္ကဋ္ဌဆို
17-Jan-2019


တောင်ငူ၊ ဇန်နဝါရီ ၁၇

ယနေ့ခေတ် အဂတိလိုက်စားမှုဖြစ်ရပ်များသည် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်း၊ ငွေကြေးခဝါချခြင်းစသည့် မှုခင်းဖြစ်ရပ်များနှင့် ဆက်စပ်နေကြောင်း မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားသည်။

ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၉ နာရီက ပဲခူးတိုင်း ပဲခူးမြို့နယ် မြို့နယ်ခန်းမတွင် တာဝန်ယူမှုရှိသော အုပ်ချုပ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ အပါအဝင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ၎င်းကအထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

အဂတိလိုက်စားမှုသည် နိုင်ငံတစ်ခု၊ ဒေသတစ်ခု၏ ပြဿနာမဟုတ်တော့ဘဲ ကမ္ဘာလုံးဆိုင်ရာပြဿနာတစ်ရပ်ဖြစ်နေပြီး နိုင်ငံအလိုက် အလေးထားကာ ဖြေရှင်းနေကြရသည်ကို အားလုံးကလည်း နားလည်သဘောပေါက်ရန်လိုအပ်ကြောင်း၊ အဂတိလိုက်စားမှုသည် နိုင်ငံရေးတန်ဖိုးထားမှု လွဲမှားခြင်း၊ အကျိုးစီးပွား ပဋိပက္ခများပြင်းထန်ခြင်း၊ အင်စတီကျူးရှင်းလုံလောက်မှုမရှိခြင်းအပြင် အားနည်းသည့် မူဝါဒနှင့် ဆိုးရွားသော အုပ်ချုပ်ရေးစနစ်များကြောင့် ထိန်းချုပ်ရန်ခက်ခဲနေရခြင်းဖြစ်ကြောင်း ဦးအောင်ကြည်က ပြောကြားသည်။

“ဒါဟာ ပြည်သူလူထုအတွက် အလွန်ကြီးမားတဲ့ ထိခိုက်နစ်နာ ဆုံးရှုံးမှုကြီးဖြစ်တယ်။ အဂတိလိုက်စားမှုနဲ့ အဂတိလိုက်စားမှုနဲ့ဆက်စပ်နေတဲ့ ဆုံးရှုံးမှုတန်ဖိုးဟာ ပေးသူ၊ ယူသူတို့က ဆုံးရှုံးနေခြင်းမဟုတ်ဘဲ နိုင်ငံရဲ့ အမွေအနှစ် အရင်းအမြစ်များ ထိခိုက်ဆုံးရှုံးနစ်နာနေတာပါ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ပြည်သူ့ဝန်ထမ်းများသာမက နိုင်ငံသားအားလုံးကပါ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်လက်ခံပြီး အဂတိလိုက်စားမှု တားဆီးကာကွယ်ခြင်း၊ စုံစမ်းဖော်ထုတ်ခြင်းနှင့် အများပြည်သူကို ပညာပေးခြင်း လုပ်ငန်းများ၌ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းက တိုက်တွန်းပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ တိုင်းအစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်၊ အစိုးရဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ကမ္ဘာ့ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP)မှတာဝန်ရှိသူများ အရပ်ဖက်အဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီများအပါအဝင် လူဦးရေ ၅၀၀ နီးပါး တက်ရောက်ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံမှ သိရသည်။

ပဲခူးတိုင်းအစိုးရအဖွဲ့အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ပြန်လည်အသိပေးအကြောင်းကြားခဲ့သည့် တိုင်ကြားစာပေါင်း ၁၂၉ စောင်ကို အစိုးရအဖွဲ့ဝန် ဝန်ကြီးတစ်ဦးစီက ဦးဆောင်သည့်အဖွဲ့ဝင် (၉) ဦးပါသောအဖွဲ့များဖြင့် စိစစ်ဖြေရှင်းဆောင်ရွက်နေပြီး တိုင်ကြားစာ ၈၅ စောင်ကို ဖြေရှင်းဆောင်ရွက်ပြီးဖြစ်ပြီး ဆောင်ရွက်ဆဲတိုင်ကြားစာ ၄၄ စောင်ရှိနေသေးကြောင်း ယင်းတိုင်းအစိုးရထံမှ သိရသည်။

R-15