News

POST TYPE

POLITICAL

အထွေထွေအုပ်ချုပ်ရေးမှသည် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးသို့
17-Jan-2019

မြန်မာနိုင်ငံတွင် အုပ်ချုပ်ခဲ့သော အစိုးရအဆက်ဆက်တို့သည် စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး စသည့် အသီးသီးတွင် ခေတ်စနစ်နှင့် လိုက်လျောညီထွေဖြစ်ရေးအတွက် ပြောင်းလဲခဲ့ခြင်း အများအပြား ရှိခဲ့ပါသည်။ အထူးသဖြင့် နိုင်ငံ၏နိုင်ငံရေးစနစ် အပြောင်းအလဲဖြစ်ပေါ်တိုင်း လိုက်ပါပြောင်းလဲရသည့် အုပ်ချုပ်ရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည်လည်း နိုင်ငံရေးစနစ်အကြိမ်ကြိမ်ပြောင်းလဲခဲ့ရာတွင် ယင်းနိုင်ငံရေးစနစ်နှင့် လိုက်လျောညီထွေဖြစ်စေရန်အတွက် အကြိမ်ကြိမ်အခါခါ လိုက်ပါပြောင်းလဲခဲ့ရသည်။

လွတ်လပ်ရေး ရရှိပြီးသည့်တိုင် ဆက်လက်ကျင့်သုံးနေခဲ့သည့် ဗြိတိသျှကိုလိုနီလက်ကျန် ဗျူရိုကရေစီအုပ်ချုပ်ရေးယန္တရားသည် ၁၉၇၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီက ဖော်ဆောင်ခဲ့သည့် စနစ်သစ်အုပ်ချုပ်ရေး အစီအစဉ်အရ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဟူသောအမည်ဖြင့် သီးခြား ရပ်တည်လာခဲ့ရာမှသည် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းဖြစ်သော နိုင်ငံတော်ကောင်စီနှင့် ပြည်သူ့ကောင်စီအဆင့်ဆင့်၏လက်အောက်သို့ ရောက်ရှိခဲ့ရပြန်သည်။ ထိုမှတစ်ဖန် ၁၉၈၈ ခုနှစ်တွင် တပ်မတော်က နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူပြီးသည့်နောက် နိုင်ငံတော်ကောင်စီအောက်မှသည် ပြည်ထဲရေးဝန်ကြီးဌာနအောက်သို့ ပြန်လည်လွှဲပြောင်းကာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို အသစ်တစ်ဖန် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။

၁၉၈၈ ခုနှစ်မှ စတင်ရေတွက်သည်ရှိသော် အနှစ်သုံးဆယ်စွန်းစွန်းမျှရှိသောအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၏လက်အောက်သို့ ပြောင်းရွှေ့ရောက်ရှိသွားခဲ့ပြီဖြစ်ပါသည်။

ဘာကြောင့် အထွေထွေ ဖြစ်ရတာလဲ

အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဟူ၍ အဘယ်ကြောင့်အမည်တွင်ခဲ့သနည်းဆိုမူ ကိုင်တွယ်လုပ်ဆောင်ရသောကဏ္ဍများမှာ စုံလင်လှသည့်အတွက်ကြောင့်ပင်ဖြစ်ပါသည်။ အမှန်တကယ်ဆိုရလျှင်မူ အထွေထွေအုပ်ချုပ်ရေး၏ မူလလုပ်ငန်းတာဝန်များမှာ သိပ်များများစားစားမရှိလှဘဲ ကိုယ်စားလှယ်လုပ်ငန်း (Agency Work) သဘောမျိုးဖြင့် အခြားသော ဝန်ကြီးဌာနများ၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ခဲ့ရ၍ဖြစ်သည်။ အများသိကြသည့်အတိုင်း အင်္ဂလိပ်အစိုးရသည် မြန်မာနိုင်ငံကို အုပ်ချုပ်ရာ၌ ကုန်ကျစရိတ် သက်သာစေရန်အတွက် နည်းနည်းနှင့် ကြဲကြဲဝိုင်းသည့်ပုံစံမျိုးဖြင့် လိုအပ်သောအစိုးရဌာနများကို အောက်ခြေအဆင့်အထိ အကုန်မဖွဲ့စည်းဘဲ အရေးကြီးသည့်ဌာနများလောက်ကိုသာဖွဲ့စည်းခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဌာနဝန်ထမ်းများက အခြားသောအစိုးရဌာနများ၏ လုပ်ငန်းများကို ကိုယ်စားလှယ်သဘောမျိုး တာဝန်ခံ၍ လုပ်ကိုင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ ဥပမာ-

- ပြည်ထဲရေးဝန်ကြီးဌာနကိုတာဝန်ခံ၍ ကျေးရွာ/မြို့ ပြအုပ်ချုပ်ရေး (ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး)ဆိုင်ရာလုပ်ငန်းများနှင့် အထွေထွေအုပ်ချုပ်ရေးလုပ်ငန်းများ၊
- တရားရေးဝန်ကြီးဌာနကိုတာဝန်ခံ၍ ရာဇဝတ်မှု/ပြစ်မှု ကြိုတင်ကာကွယ်ရေး၊ ရာဇဝတ်မှုခင်းဆိုင်ရာ တရားစီရင်ရေးလုပ်ငန်းများ၊
- ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးဌာနကိုတာဝန်ခံ၍ မြေယာအုပ်ချုပ်ရေး၊ ယစ်မျိုးအုပ်ချုပ်ရေးနှင့် ငွေတိုက်အုပ်ချုပ်ရေးလုပ်ငန်းများ၊
- လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး ဝန်ကြီးဌာနကိုတာဝန်ခံ၍ မရွှေ့မပြောင်းနိုင်သောပစ္စည်းများ၊ စာချုပ်စာတမ်းမှတ်ပုံတင်လုပ်ငန်းများ၊
- ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးနှင့် ဒေသန္တရဝန်ကြီးဌာနကို တာဝန်ခံ၍ မြူနီစီပယ်၊ မြို့ကော်မတီ၊ ဒိစတြိတ်ကောင်စီနှင့် ခရိုင်အုပ်ချုပ်သော ဒေသန္တရအဖွဲ့များဆိုင်ရာလုပ်ငန်းများ၊
- ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကို တာဝန်ခံ၍ သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ကယ်ဆယ်ရေးနှင့် လူမှုဝန်ထမ်းလုပ်ငန်းများနှင့်
- နိုင်ငံတော်အစိုးရကပေးအပ်သော အခြားလုပ်ငန်းတာဝန်များကို ထမ်းဆောင်ကြရပါသည်။

ထို့ကြောင့်လည်း ယင်းဌာနကို အထွေထွေအုပ်ချုပ်ရေးဟူ၍လည်းကောင်း၊ ၁၉၇၂ ခုနှစ်မှစ၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဟူ၍လည်းကောင်း ခေါ်ဝေါ်သုံးစွဲခဲ့ခြင်းဖြစ်သည်။

မအောင်မြင်ခဲ့တဲ့ ပြည်သူ့ကိုယ်စားလှယ်ခေတ်

၁၉၇၄ ခုနှစ် အခြေခံဥပဒေအရ ပြည်သူကရွေးကောက်တင်မြှောက်သည့် ပြည်သူ့ကောင်စီအဆင့်ဆင့် ပေါ်လာသောအခါ အထက်တွင်ဖော်ပြခဲ့သော အမိန့်ကြော်ငြာစာအမှတ်(၃/၇၇)အရ အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများသည် သက်ဆိုင်ရာ ပြည်သူ့ကောင်စီအဆင့်ဆင့်၏လက်အောက်သို့ ရောက်ရှိသွားပြီး ယင်းဌာန၏တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သက်ဆိုင်ရာအဆင့်အလိုက် ပြည်သူ့ကောင်စီအလုပ်အမှုဆောင်အဖွဲ့အဆင့်ဆင့်က ကိုင်တွယ်ကျင့်သုံးဆောင်ရွက်ခဲ့သလို ပြည်သူ့ကောင်စီတစ်ရပ်လုံးအနေနှင့်လည်း (တရားရေးနှင့် စာရင်းဝန်ထမ်းများကို ယေဘုယျ ကြီးကြပ်ခွင့် အပါအဝင်) ဌာနဆိုင်ရာအားလုံးကို ပြည်သူ့ကောင်စီအဆင့်ဆင့်နှင့် အလုပ်အမှုဆောင်အဖွဲ့အဆင့်ဆင့်တို့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်ဥပဒေအရ ကြီးကြပ်ခွင့်၊ ညွှန်ကြားခွင့်၊ စစ်ဆေးခွင့်နှင့် ပေါင်းစပ်ညှိနှိုင်းပိုင်ခွင့် ရှိပါသည်။

သို့ရာတွင် အောက်ခြေအဆင့်များ၌ ရွေးကောက်ခံကိုယ်စားလှယ်များသည် ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲများဖြင့် ဆရာမွေး၊ တပည့်မွေးဖြစ်လာကြကာ အုပ်ချုပ်ရေးစွမ်းဆောင်ရည်မရှိကြသဖြင့် အုပ်ချုပ်ရေးလုပ်ငန်းများ ဖရိုဖရဲ ဖြစ်လာပြီး လိမ်ညာတင်ပြသော စီးပွားရေးစီမံကိန်းများကြောင့် တိုင်းပြည် စီးပွားရေးကျဆင်းလာသဖြင့် ၁၉၈၈ ခုနှစ်တွင် လူထုအုံကြွမှုကြီးဖြင့် မဆလတစ်ပါတီစနစ်နှင့်အတူ ၁၉၇၄ ခုနှစ် အခြေခံဥပဒေကြီးလည်း ရေစုံမျောခဲ့ရသည်။

နဝတနှင့်နယကအစိုးရအုပ်ချုပ်ရေးခေတ်

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် တပ်မတော်က နိုင်ငံတော်၏ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာနှင့် ဥပဒေပြုရေးအာဏာဟူသည့် အာဏာကြီးသုံးရပ်ကို လွှဲပြောင်းရယူခဲ့ပြီးနောက် အုပ်ချုပ်ရေးတွင် ဗဟိုမှသည် ပြည်နယ်/တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုအထိ အဆင့်ဆင့်သော ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့တို့ကိုဖွဲ့စည်းကာ ရပ်/ကျေးမှလွဲ၍ ကျန်သည့် မြို့နယ်၊ ခရိုင်၊ ပြည်နယ်/ တိုင်းတို့တွင် တပ်မတော်အရာရှိက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်၍ အထွေထွေ အုပ်ချုပ်ရေးအရာရှိတို့က အဖွဲ့ဝင်၊ အတွင်းရေးမှူး စသည်ဖြင့်ဆောင်ရွက်ခဲ့ကြရပါသည်။

ယခင်ပြည်သူ့ကောင်စီခေတ်က ပြဋ္ဌာန်းခဲ့သည့် ပြည်သူ့ကောင်စီ/ အလုပ်အမှုဆောင်အဖွဲ့ ဥပဒေပါ တာဝန်နှင့်လုပ်ပိုင်ခွင့်များအနက် မြေယာစီမံခန့်ခွဲရေး၊ ယစ်မျိုးစီမံခန့်ခွဲရေး၊ အခွန်လေးမျိုးကောက်ခံရေး စသည့် အနည်းငယ်သော တာဝန်နှင့်လုပ်ပိုင်ခွင့်များကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် ချန်ထားရစ်ခဲ့ပြီးကျန် အခြားသောတာဝန်နှင့် လုပ်ပိုင်ခွင့်များကို သက်ဆိုင်ရာဌာန အသီးသီးသို့ ပြန်လည်ခွဲဝေပေးခဲ့ပါသည်။

ပြည်သူ့ကောင်စီ တစ်ရပ်လုံး၏ လုပ်ပိုင်ခွင့်ဖြစ်သော ဌာနဆိုင်ရာများကို ကြီးကြပ်ခြင်း၊ ညွှန်ကြားခြင်း၊ စစ်ဆေးခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းခြင်း စသည့်တာဝန်နှင့်လုပ်ပိုင်ခွင့်များကို မဝတ/မယကများက အဖွဲ့အနေနှင့် လုပ်ကိုင်ဆောင်ရွက်ရပါသည်။ အထွေထွေ အုပ်ချုပ်ရေးအရာရှိများသည်လည်း အဖွဲ့ကိုယ်စားဌာနဆိုင်ရာများအပေါ် အလားတူ ကျင့်သုံးဆောင်ရွက်ခဲ့ကြပါသည်။

ကြီးကြပ် ညွှန်ကြားစစ်ဆေးခွင့် မရှိတော့သည့် အုပ်ချုပ်ရေးမှူးများ

၂၀၀၈ ခုနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၈၈ အရ ခရိုင်နှင့်မြို့နယ်အဆင့်ကို နိုင်ငံဝန်ထမ်းများအား တာဝန်ပေးအပ်စေရမည်ဟု ဆိုသည့်အတွက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးများအား တာဝန်ပေးအပ်ခဲ့ရာတွင် ဌာနဆိုင်ရာ တစ်ခုနှင့်တစ်ခုအကြား ညှိနှိုင်းပေါင်း စပ်ဆောင်ရွက်ခွင့်ကိုသာလျှင် ဆောင်ရွက်ခွင့်ရှိပြီး အထက်ဖော်ပြပါ လုပ်ပိုင်ခွင့်များကို ပေးအပ်ထားခြင်း မရှိပါ။

သို့ရာတွင် အချို့သော အုပ်ချုပ်ရေးမှူးများက ယခင် နဝတ/နယက ခေတ်က အပ်နှင်းခဲ့သော လုပ်ပိုင်ခွင့်ကို ဆက်လက်ကိုင်စွဲလျက် ဌာနဆိုင်ရာများကို ညွှန်ကြားခြင်း၊ ကြီးကြပ်ခြင်း စသည်များဆောင်ရွက်ကြသည့်အတွက် အချင်းချင်းနားလည်မှုလွဲမှားကာ အချို့နေရာဒေသများတွင် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ အဆင်မပြေမှုများ၊ အခက်အခဲများရှိကြောင်း ကြားသိရပါသည်။ ထိုကဲ့သို့ တာဝန်နှင့်လုပ်ပိုင်ခွင့်ကို တိကျစွာ ပြဋ္ဌာန်းမပေးထားခြင်းကြောင့် ဖြစ်ပေါ်လာသည့် နားလည်မှု အလွဲများသည် လုပ်ငန်းများမအောင်မြင်ရခြင်း၏ အကြောင်းတစ်ခု ဖြစ်ပါသည်။

ထို့ကြောင့်လည်း အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏အောက်သို့ လွှဲပြောင်းတာဝန်ထမ်းစေခြင်းဖြစ်သည်ဟု ယူဆပါသည်။

အထွေထွေအုပ်ချုပ်ရေးကို တမ်းတမနေသင့်တော့ 

အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသည် ပေးထားသည့်နာမည်နှင့် မလိုက်လျောစွာပင် ရှေးယခင်ကရှိခဲ့သည့် ဝန်ကြီးဌာနများကို ကိုယ်စားပြု ဆောင်ရွက်ပေးရသည့် ကိုယ်စားလှယ်လုပ်ငန်း (Agency work)ဆိုသည်ကလည်း မဆိုစလောက် အနည်းငယ်မျှသာ ကျန်ရှိသလို အခြား အခြားသောဌာနဆိုင်ရာများကိုလည်း ကြီးကြပ်ပိုင်ခွင့်၊ ညွှန်ကြားပိုင်ခွင့်၊ စစ်ဆေးပိုင်ခွင့်လည်း မရှိတော့သည်ဖြစ်ရာ အထွေထွေ အုပ်ချုပ်ရေးဟူသည့် နာမည်ကိုပါ ပြောင်းလဲသင့်သည်ဟု ထင်မြင်ယူဆပါသည်။

ထွေ/အုပ်ဌာနတွင် လက်ကျန် လုပ်ငန်းတာဝန်ဆို၍ မြေယာစီမံခန့်ခွဲခြင်း၊ ယစ်မျိုးစီမံခန့်ခွဲခြင်းနှင့် အခွန်လေးမျိုး ကောက်ခံခြင်းအပါအဝင် လုပ်ငန်းတာဝန် အနည်းငယ်သာ ကျန်ရှိတော့သည်ဖြစ်ရာ ယင်းလုပ်ငန်းတာဝန်များကိုလည်း လုပ်ငန်းတူရာ/နီးစပ်ရာ ဌာနများသို့ လွှဲပြောင်းပေးသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် မြေတန်ဖိုးကြီးမြင့်လာသော ယနေ့အချိန်အခါတွင် ယင်းလုပ်ငန်းတို့နှင့်ပတ်သက်၍ အကျိုးလိုလားသူများ၊ ငွေရှင် ကြေးရှင်ဓနရှင်များက နည်းလမ်းအမျိုးမျိုးဖြင့် ချဉ်းကပ်ကြပြီး အဂတိလိုက်စားမှုများ ရှိလာကြသလို ရိုးရိုးသားသား လုပ်ကိုင်ဆောင်ရွက်ပေးသူများကိုလည်း အဂတိလိုက်စားသူအဖြစ် အထင်အမြင် လွဲမှားကာ ပြည်သူတို့က အထင်အမြင်သေးလာကြပါသည်။

ထိုမှတစ်ဖန် ယစ်မျိုးလိုင်စင်ထုတ်ပေးသည့် လုပ်ပိုင်ခွင့်သာရှိပြီး လိုင်စင်မဲ့သူများကို ဖမ်းဆီးပိုင်ခွင့်မရှိသည့် ဌာနအနေနှင့် အရက်သမားတွေ ပေါများလာတိုင်း ပြည်သူလူထု၏ မေတ္တာပို့ခြင်းကို ခံယူရရှိနေခြင်းကလည်း အကြောင်းတစ်ပါး ဖြစ်ပါသည်။ အဆိုပါ လုပ်ပိုင်ခွင့်အပေါ် သာယာနေကြသူများအဖို့ မိမိအယူအဆကို သဘောကျနှစ်ခြိုက်ကြမည် မဟုတ်သော်လည်း ရိုးရိုးသားသား ဂုဏ်သိက္ခာရှိစွာ နိုင်ငံ့တာဝန်ကို ထမ်းဆောင်လိုကြသူများအနေနှင့် လိုလားနှစ်သက်လက်ခံကြမည်ဟု ထင်ပါသည်။

အထွေထွေ အုပ်ချုပ်ရေးမှသည် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးသို့

အုပ်ချုပ်ရေးဆိုသည့် မြန်မာဝေါဟာရမှာ ရှေးမြန်မာဘုရင်များလက်ထက်ကပင်ရှိခဲ့ပြီး မြန်မာတို့နားလည်သည်မှာ စိုးမိုးခြင်း၊ ချုပ်ကိုင်ခြင်း၊ လွှမ်းမိုးခြင်း၊ အမိန့်အာဏာပေးခြင်း စသည့်အဓိပ္ပာယ်များနှင့်သာ နားလည်ခဲ့ကြပါသည်။ ခေတ်အဆက်ဆက် အစိုးရများသည်လည်း အုပ်ချုပ်ရေးဆိုသည်ကို ယင်းသို့သော အဓိပ္ပာယ်မျိုးပေါက်အောင် လုပ်ကိုင်ဆောင်ရွက်ခဲ့ကြသည်သာဖြစ်ပါသည်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံတွင် မင်းနှင့် ပြည်သူ ကြည်ဖြူသော ခေတ်ကာလအချိန်အခါ မရှိသလောက်ပင် ဖြစ်ပါသည်။

“မင်း”က “ပြည်သူ”ကို အုပ်ချုပ်ခံ လူတန်းစားဟူ၍ မြင်ခဲ့ပြီး မိမိတို့ ဖြစ်စေချင်သည်ကို ပြည်သူကလုပ်ကိုင်ဆောင်ရွက်ပေးရမည်ဟူသည့်အမြင်က လွှမ်းမိုးခဲ့ပါသည်။ (ယခင်ခေတ်အဆက်ဆက်က အဓမ္မ လုပ်အားပေးစေခိုင်းမှုများက သက်သေအထင်အရှားပင်ဖြစ်ပါသည်)။ ပြည်သူကလည်း “မင်း”ဟူသည် ပြည်သူကို ချုပ်ချယ်သည်၊ ကန့်သတ်သည်၊ များစွာသော အခွန်အကောက်ကို ကောက်ခံသည်၊ မတရား ဖမ်းဆီးချုပ်နှောင်သည်၊ ထို့အတွက် “မင်း”ကို ရန်သူမျိုး ငါးပါးစာရင်းတွင် တို့ထားခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ယခုအခါ ပြည်သူတို့က ရွေးကောက်တင်မြှောက်သော ပြည်သူ့ကိုယ်စားလှယ်များက ပြည်သူတို့ကိုယ်စား နိုင်ငံနှင့်ပြည်သူတို့၏အကျိုးစီးပွားကို ဖော်ဆောင်ကြသည်ဖြစ်ရာ “အုပ်ချုပ်ရေး”ဆိုသည့် ဝေါဟာရ စကားလုံး၏အဓိပ္ပာယ်ကို နားလည်ဖွင့်ဆိုရာတွင် နှစ်ဘက်စလုံးက အမြင်သဘောထားများ ပြောင်းလဲဖို့လိုအပ်နေပြီ ဖြစ်ပါသည်။ ထိုကဲ့သို့ နှစ်ပေါင်းများစွာအရိုးစွဲလာခဲ့သည့် အမြင်သဘောထားများကို ပြောင်းလဲဖို့ဆိုသည်မှာ ခက်ခဲမည်ဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုအထိ ကြာမြင့်မည်ဖြစ်ပါသည်။

အဓိပ္ပာယ်နှင့် လုပ်ကိုင်ဆောင်ရွက်ပုံ အထိုက်အလျောက် ကွဲပြားခြားနားမည်ဖြစ်သော်လည်း အုပ်ချုပ်ရေး (Administration) နှင့် သဘောသဘာဝတူညီပြီး ပြည်သူများ နားလည်လွယ်မည့် စီမံခန့်ခွဲရေး (Management) ဟူသည့် စကားလုံးကို ရွေးချယ်သုံးနှုန်းမည်ဆိုပါက ပြည်သူတွေက လက်ခံနားလည်လွယ်မည်ဟု ယူဆပါသည်။ (နောင် အလျဉ်းသင့်သည့်အခါ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးတို့ ကွဲပြားခြားနားပုံကို ရေးသားပါမည်)။

ကျွန်တော်တို့ ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) တက်ခဲ့စဉ်က ကျွန်တော်တို့သင်တန်း၏အမည်ကို “ပြည်သူ့ရေးရာ အရာရှိလောင်းသင်တန်း”ဟုခေါ်ဆိုခဲ့သလို ကျွန်တော်တို့၏ ရာထူးအမည်ကိုလည်း “စီမံခန့်ခွဲရေးဝန်ထမ်း”ဟူ၍ ခေါ်ဆိုခဲ့သည်သာ ဖြစ်ပါသည်။ ထို့ကြောင့် ပြည်သူတွေ နားခါးနေသည့်၊ ပြည်သူတွေ အမြင်မကြည်လင်သည့် “အထွေထွေ အုပ်ချုပ်ရေး”ဟူသော အမည်အစား “ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး”ဟူသည့်အမည်ကို အစားထိုး ပြောင်းလဲမည်ဆိုပါက လက်ရှိ တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများက လက်ခံနိုင်မည်ဖြစ်သလို ပြည်သူကလည်း နားဝင်ချိုကာ ခေါ်ဆိုရသည်မှာ ခံတွင်းတွေ့မည်ဟု ထင်မြင်ယူဆပါသည်။

နိဂုံး

အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးအောက်သို့ လွှဲပြောင်းတာဝန်ထမ်းဆောင်စေခြင်းသည် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့တို့၏ မူဝါဒများ၊ ရည်မှန်းချက်များ၊ လုပ်ငန်းများကို အကောင်အထည်ဖော်ရာတွင် လျင်မြန်သွက်လက်ချောမွေ့စွာဖြင့် ဆောင်ရွက်နိုင်ရေးဖြစ်ရာ ယင်းအဖွဲ့တို့၏ ပင်မကျောရိုးသဖွယ်ဖြစ်သည့် အထွေထွေအုပ်ချုပ်ရေး (ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး)ဌာနကို(အထက်အဖွဲ့အစည်းများကိုယ်စား)သက်ဆိုင်ရာအဆင့်ဌာနများအား ကြီးကြပ်ပိုင်ခွင့်၊ ထပ်ဆင့်ညွှန်ကြားပိုင်ခွင့်၊ ညှိနှိုင်းပေါင်းစပ်နိုင်ခွင့် စသည်တို့ကို တိကျသောဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များဖြင့် သတ်မှတ်ပြဋ္ဌာန်းပေးရန် လိုအပ်မည်ဖြစ်ပါသည်။

သိန်းထက်အောင်