News

POST TYPE

POLITICAL

သင်္ဃန်းညီနောင်မြို့တွင် တရားမဝင် ဝင်လာသည့် နိုင်ငံခြားသားများကိုအမှုဖွင့်
10-Jan-2019
ဘားအံ၊ ဇန်နဝါရီ ၁၀

ကရင်ပြည်နယ်၊ သင်္ဃန်းညီနောင်မြို့တွင် တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာသော ထိုင်းနိုင်ငံသား သုံးဦး၊ လာအိုနိုင်ငံသားတစ်ဦးတို့ အပါအဝင် စကားပြန်တစ်ဦးတို့ကို ဇန်နဝါရီလ ၈ ရက်နေ့က ဖမ်းမိထားသူများကို အမှုဖွင့်ထားကြောင်း မြဝတီမြို့နယ်ရဲစခန်းထံမှ သိရသည်။

၎င်းတို့သည် ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်မှ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကို စက်လှေဖြင့်ဖြတ်၍ မြဝတီမြို့ဘက်သို့ ဝင်ရောက်ကာ စကားပြန် အေးလွင်၏ မိတ်ဆွေ မြဝတီမြို့ အမှတ် (၅) ရပ်ကွက်နေ ဦးထွန်းမြင့်၏ မော်တော်ယာဉ်ကို ငှားရမ်းပြီး ကော့ကရိတ်မြို့ဘက်သို့ အလည်အပတ်သွားရောက်ရန် လာကြခြင်းဖြစ်ကြောင်း ၎င်းတို့၏ ထွက်ဆိုထားချက်များအရ ယင်းရဲစခန်းထံမှ သိရသည်။

ထို့ကြောင့် တရားမဝင် လမ်းကြောင်းမှ ဝင်ရောက်လာသော ထိုင်းနိုင်ငံသားများဖြစ်သည့် Mr.Komrit (၃၉ နှစ်)၊ Mr.Thongrian (၆၉ နှစ်)၊ ကျနတ်လုံး (၁၉ နှစ်)၊ လာအိုနိုင်ငံသားဖြစ်သော Mr. Thienkeo (၂၉ နှစ်)၊ စကားပြန် အေးလွင် (၂၂ နှစ်)တို့ကို မြဝတီမြို့နယ် လဝကဦးစီးမှူး ဦးစောထွန်းမင်းမှ တရားလိုပြုလုပ်ကာ သင်္ဃန်းညီနောင်နယ်မြေရဲစခန်းတွင် လဝက အက်ဥပဒေပုဒ်မ ၁၃ (၁) / ၁၃(၅)တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

R-17