News

POST TYPE

POLITICAL

ထွေ/အုပ်ဝန်ထမ်းများ ဌာနရင်ထိုးတံဆိပ် မတပ်ရန်နှင့် အလံမလွှင့်ရန် ညွှန်ကြားချက်ထုတ်
09-Jan-2019

ရန်ကုန်၊ဇန်နဝါရီ ၉

အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန လက်အောက်ရှိ ဝန်ထမ်းများ ရင်ထိုးတံဆိပ်များ တပ်ဆင်ခြင်း မပြုရန်နှင့် ဦးစီးဌာန အလံကိုလွှင့်ထူခြင်းများ လတ်တလော မပြုလုပ်ရန် အဆိုပါဦးစီးဌာနက ညွှန်ကြားချက်တစ်စောင်ကို ထုတ် ပြန်ခဲ့သည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာနအောက်မှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အောက်သို့ ဒီဇင်ဘာလ ၂၈ရက်က လွှဲပြောင်းခဲ့ပြီးနောက် ရုံးအသုံးဆောင်များ တံဆိပ်များကို ပြင်ဆင်ရန် စီစဉ် နေခြင်းဖြစ်သည်။

ဝတ်စားဆင်ယင်မှုဆိုင်ရာတွင် ပြည်ထဲရေးဝန်ကြီးဌာန စာတန်းများ ပါဝင်သည့် ရင်ထိုးတံဆိပ်ကို မတပ်ဆင် တော့ရန်နှင့် ဝတ်စားဆင်ယင်မှုတွင်လည်း ဗုဒ္ဓဟူးနေ့ ဝတ်စုံတစ်မျိုးတည်းသာ ဝတ်ဆင်ရန်ကိုလည်း ညွှန်ကြား ချက်တွင် ပါဝင်သည်။

ထို့ပြင် ရုံးတွင်း အသုံးအဆောင်များတွင် ပြည်ထဲရေးဝန်ကြီးဌာန အမည်များအစား ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအမည်များကို အစားထိုးအသုံးပြုသွားရန် ညွှန်ကြားချက်တွင် ပါဝင်သည်။

အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ရုံးအသုံးအဆောင်များအဖြစ် အသုံးပြုသည့် ရုံးဆိုင်းဘုတ်များ၊ ရုံး ဆောင်ပုဒ်များ၊ ရုံးတံဆိပ်များ၊ စကားပြောစင်၊ စားပွဲခုံ၊ ထိုင်ခုံကျောမီအစွပ်များ၊ စားရေးကိရိယာ အသုံးအဆောင် များ၊ နောက်ခံစာသားများ၊ ဝတ်စားဆင်ယင်မှုဆိုင်ရာ အမှတ်အသားတံဆိပ်များ၊ မော်တော်ယာဉ် အမှတ်အသား တံဆိပ်များစသည်တို့တွင် ပြောင်းလဲအသုံးပြုရန် ညွှန်ကြားချက်တွင် ပါဝင်သည်။

ဇန်နဝါရီလ ၇ရက်မှ စတင်ကာ လက်ရှိ ယူနီဖောင်းများ မဝတ်ဆင်ဘဲ ဗုဒ္ဓဟူးနေ့ဝတ်စုံကို ရင်ထိုးတံဆိပ်ဖြုတ်ကာ ဝတ်ဆင်ရန် အကြောင်းကြားလာခြင်းဖြစ်ပြီး ဝန်ထမ်းများအနေနှင့် ဝတ်စုံ မည်သို့ ချုပ်ရမည်ကို ပြောဆိုဆွေးနွေး နေကြောင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

“အရင်ချုပ်ထားတဲ့ အဝတ်တွေက ဘာလုပ်ရမယ် မသိတော့ဘူး။ ရင်ထိုးတံဆိပ်အသစ်က ဘယ်လိုလဲဆိုတာ တော့ မသိသေးပါဘူး” ဟု ၎င်းက ဆိုသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြောင်းရွှေ့ခဲ့သည့်ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနကို ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်မှ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးမင်းသူကို ခန့်အပ်ထားသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအောက်တွင် မြေယာစီမံခန့်ခွဲရေး၊ယစ်မျိုးလိုင်စင်၊အသင်းအဖွဲ့ မှတ်ပုံတင်ခြင်း၊ ရပ်ကွက်ကျေးရွာများ ပြင်ဆင်ဖွဲ့စည်းခြင်းစသည့် လုပ်ငန်းတာဝန်များကို လုပ်ဆောင်ခွင့်ရှိသည်။

လက်ရှိ ပြည်ထဲရေးဝန်ကြီးဌာနအောက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ အကျဉ်း ဦးစီးဌာန၊မီးသတ်ဦးစီးဌာနတို့ အသီးသီး ရှိနေသေးသည်။

J-08