News

POST TYPE

POLITICAL

၂၀၁၈ ခုနှစ်အတွင်း တရားမဝင် မြန်မာလုပ်သား ၇ သောင်းကျော် ထိုင်းမှလွှဲ
03-Jan-2019
ရန်ကုန်၊ ဇန်နဝါရီ ၂ 

ထိုင်းနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် တရားမဝင် ဝင်ရောက်လာသည့် မြန်မာလုပ်သားများအနက် ထိုင်းနိုင်ငံက ၂၀၁၈ ခုနှစ်အတွင်း လုပ်သား ၇ သောင်းကျော်လွှဲအပ်ခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဇန်နဝါရီလ ၂ ရက်က ထုတ်ပြန်သည်။

၎င်းတို့သည် နယ်စပ်ဖြတ်ကျော်ခွင့်၊ သက်တမ်းလွန်ခြင်းနှင့် အထောက်အထားမဲ့ နေထိုင်ခြင်းများကြောင့် ထိုင်း-မြန်မာ နယ်စပ်တွင် ဖွင့်လှစ်ထားသော တာချီလိတ်၊ မဲဆောက်၊ ရနောင်း အလုပ်သမားဆက်ဆံရေးရုံးများမှတစ်ဆင့် ပြန်လည်လွှဲအပ်ခဲ့ ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအရာရှိ ဦးစန်းမောင်ဦးက ပြောကြားသည်။

ထိုင်းနှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် ၂၀၁၈ ခုနှစ်အတွင်း မြန်မာ အလုပ်သမား စုစုပေါင်း ကျား ၅၅,၃၄၁ ဦး၊ မ ၁၉,၃၉၀ ကို လွှဲပြောင်းပေးအပ်ခဲ့သည့်အနက် တာချီလိတ်ရှိ အလုပ်သမား ဆက်ဆံရေးရုံးတွင် ၆၅၁ ဦး၊ မဲဆောက်တွင် အလုပ်သမား ၇၀၇၄၀ ဦး၊ ရနောင်းတွင် အလုပ်သမား ၃၃၄၀ ဦး ရောက်ရှိ ခဲ့သည်။

ထိုင်းနိုင်ငံတွင် ဗီဇသက်တမ်းကုန်သူများ၊ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာသူများကို ထိုင်းလဝက ဖမ်းဆီးခဲ့သော်လည်း နှစ်နိုင်ငံ အစိုးရချင်း ညှိနှိုင်းမှုအရ ဖမ်းဆီးရမိသည့် မြန်မာအလုပ်သမားများကို အရေးယူမှု မပြုလုပ်ရန်နှင့် မြန်မာသံရုံးမှ ချိတ်ဆက်၍ ပြန်လည်လွှဲပြောင်းပေးရန် ညှိနှိုင်းထားသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ မြန်မာရွှေ့ပြောင်းလုပ်သား ငါးသိန်းနီးပါးရှိသည်။

J-18