News

POST TYPE

POLITICAL

တပ်မတော်က ပြည်သူနှင့် လက်တွဲဆောင်ရွက်သွားမည်ဟု တပ်ချုပ်ပြောကြား
01-Jan-2019
ရန်ကုန်၊ ဇန်နဝါရီ ၁

တပ်မတော်အနေနှင့် ပြည်သူများနှင့်လက်တွဲကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၁၉ ခုနှစ်၊နှစ်သစ်ကူးဆုမွန်ကောင်း နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ပြောကြားခဲ့သည်။

ပြည်သူအားလုံး လူမှုဘဝ တိုးတက်ရေးအတွက် လုပ်ကိုင်စားသောက်ဖို့ လိုအပ်ကြသလို အားလုံးကလည်း အေးအေးချမ်းချမ်း နေထိုင်လိုသည့်ဆန္ဒရှိကြပြီး အဆိုပါ ဆန္ဒပြည့်ဝစေရေးအတွက် တပ်မတော်အနေနှင့် မိဘပြည်သူများနှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်ချုပ်က ပြောကြားခဲ့သည်။

ထို့ပြင် ၂၀၁၉ ခုနှစ် နှစ်သစ်တွင် ပြည်သူများအနေနှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြစေရန်နှင့် တိုင်းရင်းသားညီ အစ်ကိုများလည်း ၂၀၁၉ တွင် မင်္ဂလာအပေါင်း ပြည့်စုံပါစေကြောင်းလည်း ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနကလည်း အပစ်ရပ် လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြစ်ကြသည့် ကချင်လက်နက်ကိုင်အဖွဲ့ (KIO) “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA) အဖွဲ့တို့ အပါအဝင် လက်မှတ်ထိုးထားသည့် လက်နက်ကိုင်အဖွဲ့များ အခြား အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများထံ အတိုင်ပင်ခံပုဂ္ဂိုလ်၏ နှစ်သစ်ကူး သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။

၂၀၁၉ ခုနှစ်သည် တိုင်းပြည်အတွက် ငြိမ်းချမ်းသည့် နှစ်တစ်နှစ်ဖြစ်ရန် မျှော်လင့်ထားပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဖက်ဒရယ်အခြေခံမူများ ချမှတ်နိုင်ရေး ကြိုးပမ်းကြရမည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) ၏ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျှန်မှုန်းဆာခေါင်းက ပြောကြားသည်။

“၂၀၁၉ မှာ ဖက်ဒရယ်အခြေခံမူတွေကို အနည်းဆုံး သဘောတူနိုင်ဖို့ မျှော်လင့်တယ်။ ဖက်ဒရယ် အခြေခံမူတွေ ရပြီးသွားရင် ငြိမ်းချမ်းရေးက လွယ်ကူသွားပြီ”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် မြောက်ပိုင်းဒေသများတွင် တပ်မတော်နှင့် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များအကြား စစ်ရေးလှုပ်ရှားမှုများ အပြန်အလှန် ရပ်တန့်ထားရန် သဘောတူထားပြီး စစ်တိုင်း ၅ ခုတွင် တပ်မတော်အနေနှင့် စစ်ရေးလှုပ်ရှားမှု အားလုံး ရပ်တန့်ထားရန်လည်း ထုတ်ပြန်ထားသည်။

J-08