News

POST TYPE

POLITICAL

အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်နယ်မြေကိုပါ စစ်ရေးရပ်ထားပေးရန် ဒေါက်တာအေးမောင်တောင်းဆို
24-Dec-2018

စစ်တွေ၊ ဒီဇင်ဘာ ၂၄

နိုင်ငံတော် အစိုးရကို ပုန်ကန်မှုနှင့် နိုင်ငံတော် အကြည်အညိုပျက်စေမှုတို့ဖြင့် တရားရင်ဆိုင်နေရသည့် ဒေါက်တာအေးမောင်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေကိုပါ စစ်ရေးရပ်စဲထားပေးရန် ယနေ့ (ဒီဇင်ဘာ ၂၄ ရက်)ရုံးထုတ်ရာတွင် တောင်းဆိုသည်။

“ပြည်ထောင်စုကို ဘာလို့ ညီညွတ်အောင်မလုပ်နိုင်လဲ။ ဒီစစ်ကြောင့် လူအသက်ဘယ်လောက်သေနေရမှလဲ။ နပခနယ်မြေကို ရပ်ပေးပါလို့ ရခိုင်လူထုကိုယ်စား တောင်းဆိုပါတယ်။ တပ်မတော်သားတွေလည်း ညီအကိုတွေပါပဲ။ ကျွန်တော်တို့နိုင်ငံထက် လွတ်လပ်ရေးရတာ နောက်ကျတဲ့ အိမ်နီးချင်းနိုင်ငံတွေဟာ ကျွန်တော်တို့ နိုင်ငံကိုကျော်သွားပြီ။ ပတ်ဝန်းကျင်ကိုပြန်ကြည့်”ဟု ၎င်းကဆိုသည်။

ငြိမ်းချမ်းစွာဖြင့် ဖက်ဒရယ်ပြည်ထောင်စုကို လျှောက်လှမ်းနေကြသည့်အချိန်၌ အတားအဆီးများကိုရပ်တန့်မှသာ ပြည်ထောင်စုကိုပေးဆပ်ရာ ရောက်သည့်အတွက် နိုင်ငံတော်သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့အနေနှင့် အနောက်ပိုင်း တိုင်းစစ်ဌာနာချုပ်နယ်မြေတွင်ပါ အပစ်အခတ် ရပ်စဲပေးရန် မေတ္တာရပ်ခံကြောင်းလည်း ဒေါက်တာအေးမောင်က ဆက်လက်ပြောဆိုသည်။

အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး NCA ရေးထိုးထားသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ကလည်း တပ်မတော်အနေဖြင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၌ စစ်ရေးလှုပ်ရှားဆောင်ရွက်နေခြင်းကို ရပ်တန့်ပေးရန်တောင်းဆိုထားသည်။

တပ်မတော်အနေနှင့် မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အရှေ့ပိုင်း၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်နယ်မြေများနှင့် တြိဂံဒေသ တိုင်းစစ်ဌာနချုပ် နယ်မြေများတွင် NCA လက်မှတ်ရေးထိုးရန်ကျန်ရှိနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပစ်ခတ်တိုက်ခိုက်နေမှုကို ဒီဇင်ဘာ ၂၁ ရက်မှ ဧပြီလ ၃၀ ရက်အထိ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

သို့သော် ARSA အကြမ်းဖက်သမားကို အကြောင်းပြု၍ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် နယ်မြေအခြေစိုက်ရာ ရခိုင်ပြည်နယ်အတွင်း၌ စစ်ရေးဆိုင်ရာ လှုပ်ရှားများကို ရပ်ဆိုင်းထားမည်မဟုတ်ကြောင်း တပ်မတော်က ပြောဆိုထားသည်။

လက်ရှိအချိန်၌ ဘူးသီးတောင်၊ ကျောက်တော်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် တပ်မတော်နှင့် AAတို့ တိုက်ပွဲများဖြစ်ပွားနေလျက်ရှိရာ စစ်ဘေးရှောင်ဒုက္ခသည်ဦးရေ ၁၀၀၀ ကျော်ရှိပြီဖြစ်သည်။

R-22