News

POST TYPE

POLITICAL

ကွတ်ခိုင်တွင် လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးထားသည့် နွားတင်ကားယာဉ်မောင်း ပြန်လွတ်
23-Dec-2018
ကွတ်ခိုင်၊ ဒီဇင်ဘာ ၂၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပြည်ထောင်စုလမ်းပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ကွတ်ရွာအနီး မိုင်တိုင် ၂၂၇/၄ တွင် ဒီဇင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက ကေအိုင်အေ လက်နက်ကိုင်အဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူ နွားတင်ကား ယာဉ်မောင်း ပြန်လည်လွတ်မြောက်လာကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“နွားတင်ယာဉ်မောင်း ကိုအောင်မြင့်ကို ဖမ်းခေါ်သွားတော့ ကျန်တဲ့ကားဆရာနဲ့ နွားထိန်းတွေက တောထဲကို ထွက်ပြေးကြတယ်”ဟု ကွတ်ခိုင်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောဆိုသည်။

နွားအကောင်ရေ ၂၀ စီ တင်ဆောင်မောင်းနှင်လာသည့် ၁၂ ဘီးယာဉ်နှစ်စီးကို ကွတ်ခိုင်မြို့နယ်၊ နမ့်ကွတ်ကျေးရွာအရောက်၌ လက်နက်ငယ် ကိုင်ဆောင်ထားသည့် လက်နက်ကိုင်အဖွဲ့က တားဆီးကာ ယာဉ်မောင်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး နောက်နေ့ ညနေပိုင်း၌ ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း အဆိုပါ ရဲအရာရှိက ဆက်လက်ပြောကြားသည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းပေါ်တွင် နေ့စဉ် နွားတင်ယာဉ်အစီး ၅၀ ကျော်ဖြတ်သန်းနေပြီး ကုမ္ပဏီများက ကျွဲ၊ နွား၊ ဆိတ်များကို တရားဝင် အခွန်ပေးဆောင်တင်ပို့နေကြခြင်း ဖြစ်သကဲ့သို့ တရားမဝင် တင်ပို့ရောင်းချနေသူများလည်း ရှိနေကြောင်း၊ ယင်းလမ်းပိုင်း၌ နွားတင်ကားများ မကြာခဏ ပစ်ခတ်ခံနေရပြီး ယာဉ်မောင်းများကို လက်နက်ကိုင်အဖွဲ့အစည်းများက ဖမ်းဆီးခေါ်ဆောင်သွားမှု သုံးကြိမ်ခန့် ရှိခဲ့ပြီး ငွေကြေးတောင်းခံခြင်းများလည်း ရှိသည်။ 

R-07