News

POST TYPE

POLITICAL

စစ်ဘေးရှောင် ပြည်သူများ ကို ကူညီမည့် ပရဟိတအဖွဲ့များ တားမြစ်ခံရ
23-Dec-2018
စစ်တွေ၊ ဒီဇင်ဘာ ၂၃

ကျောက်တော်မြို့နယ် သလူချောင်းကျေးရွာအုပ်စုအတွင်းရှိ စစ်ဘေးရှောင်ဒုက္ခသည်များအတွက် စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးရန် သွားကြသည့် ပရဟိတအဖွဲ့များကို တပ်မတော်က တားမြစ်ထားကြောင်း ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်သန်းစိန် ထံမှသိရသည်။

ကျောက်တော် မြို့နယ် ယိုးချောင်းအထက်ပိုင်း၌ တပ်မတော်နှင့် AA တို့ တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ဘေးလွတ်ရာကျေးများသို့ ထွက်ပြေးလာနေရသော စစ်ဘေးရှောင်ဒုက္ခသည်များကို အဝတ်အထည်၊ စောင်၊ စားနပ်ရိက္ခာ စသည်တို့ ကူညီထောက်ပံ့ပေးရန်အတွက် ဒီဇင်ဘာ ၂၃ ရက်က ကျောက်တော်မြို့ပေါ်မှ လူငယ်များအဖွဲ့၊ စစ်တွေမြို့မှ အနောက်တံခါး ကူညီစောင့်ရှောက်ရေးအဖွဲ့များက သွားရောက်ကြရာ ယိုးချောင်းအတွင်းရှိ တောင်မင်းကုလားကျေးရွာ၌ တပ်မတော်က တားမြစ်လိုက်ခြင်းဖြစ်သည်။

“ကန်ဇောက်မှလှူပြီးတော့ သလူချောင်းကိုသွားတော့ တောင်မင်းကုလားမှာ ကျနော်တို့ကို စိစစ်တယ်။ ပြီးတော့ အထက်ကိုတင်ပြရမယ်ဆိုပြီးတော့ တားမြစ်လိုက်တယ်။ ဒါဟာ ရိုးရိုးသားသား လုပ်တယ်လို့ မယူဆကဘူး။ ဒါက ကျွန်တော့်မဲဆန္ဒနယ်မြေ ပြည်သူတွေ ဒုက္ခရောက်ရင် ကျွန်တော့်မှာ ကူညီဖို့တာဝန်ရှိတယ်။ အခုတော့ စိတ်မကောင်းဖြစ်ရတယ်”ဟု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်သန်းစိန်ကဆိုသည်။

လက်ရှိအချိန်၌ ကန်ဇောက်ကျေးရွာနှင့် တောင်မင်းကုလားကျေးရွာ၌ စစ်ဘေးဒုက္ခသည် ၆၀၀ ခန့် ရောက်ရှိနေကြပြီး၊ သလူချောင်းတွင် ၁၀၀ ခန့်၊ ငစရိုင်းကိုင်းတွင် လူဦးရေ ၁၀၀ ကျော်စသည်ဖြင့် နေ့စဉ် တိုးပွားလာနေပြီး ယိုးချောင်းအတွင်း ဒေသခံများ သွားလာနေကြသည် စက်လှေ၊လောင်းလှေ များကိုလည်းတပ်မတော်က တားမြစ်ထားကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ထံမှသိရသည်။

“ကျွန်မတို့ကို လှူချင်ရင် ဒီမှာထားခဲ့ အဲဒီကို သွားလို့မရဘူးလို့ပြောတယ်။ ဆိုတော့ ကျွန်မတို့ မထားခဲ့နိုင်ဘူး။ ကန်ဇောက်မှာလည်းလှူးပြီးပြီ အခု သလူချောင်းမှာလှူမယ့်ဟာတွေကို ကန်ဇောက်မှာပဲ ပြန်လှူလိုက်တော့မယ်”ဟု အနောက်တံခါးအဖွဲ့မှ ဒေါ်ကျော်စိန်က ရှင်းပြသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူးအား ဆက်သွယ်မေးမြန်းရန် ဖုန်းခေါ်ဆိုခဲ့သော်လည်း မရှိခဲ့ပေ။

R-22