News

POST TYPE

POLITICAL

ယခုဘဏ္ဍာနှစ်စ၌ စင်ကာပူက အများဆုံးရင်းနှီးမြှုပ်နှံ
16-Dec-2018

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်သစ် နှစ်လခွဲအတွင်း စင်ကာပူနိုင်ငံက အများဆုံးရင်းနှီးမြှုပ်နှံထားပြီး ကုန်ထုတ်လုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

ပြည်တွင်းသို့ ဒုတိယရင်းနှီးမြှုပ်နှံမှု အများဆုံး ဝင်သည့်နိုင်ငံမှာ တရုတ်ဖြစ်ပြီး၊ ဟောင်ကောင်၊ ထိုင်း၊ ကိုရီးယားနှင့် လက်ဘနွန်တို့ကလည်း ရင်းနှီးမြှုပ်နှံမှု အများဆုံးစာရင်းဝင်နိုင်ငံများဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

“စင်ကာပူနိုင်ငံက တစ်ဆင့်ခံအနေနဲ့လည်းဝင်တယ်။ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုနဲ့လည်း ဝင်တော့ ပိုပြီးများတာပါ”ဟု ယင်းဌာန၏ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

စင်ကာပူနိုင်ငံသည် ၁၂ နှစ်တာကာလအတွင်း မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံ ရင်းနှီးမြှုပ်နှံထားပြီး မကြာသေးမီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က စင်ကာပူသို့ သွားရောက်စဉ် ရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်ထားသဖြင့် ရင်းနှီးမြှုပ်နှံမှုပမာဏ ပိုမိုများလာနိုင်ကြောင်း ၎င်းကဆိုသည်။

၂၀၁၅ ခုနှစ်နောက်ပိုင်းတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများ သိသိသာသာ လျော့လာစဉ် စင်ကာပူနှင့် ဟောင်ကောင်တို့က ရင်းနှီးမြှုပ်နှံမှုများ အစဉ်တစိုက်တိုးလာကြောင်း အထည်ချုပ်လုပ်ငန်းရှင် ဦးအောင်ဝင်းက ပြောကြားသည်။

“တရုတ်က မြစ်စုံကိစ္စပြီးနောက်ပိုင်း သိပ်မဝင်ဘူး။ အခုလည်း OBOR စီမံကိန်းကို အားစိုက်နေရတဲ့အတွက် ရင်းနှီးမြှုပ်နှံမှုပိုင်းကို မလုပ်နိုင်ဘူး။ စင်ကာပူကတော့ နိုင်ငံ့စီးပွားရေးလည်း တိုးလာတယ်၊ ၂၀၁၄-၂၀၁၅ ဒီမိုကရေစီအစိုးရ တက်လာခါနီးကို ဘီလီယံနဲ့ချီပြီး ရင်းနှီးမြှုပ်နှံမှုများလာတာ တွေ့ရတယ်။ နိုင်ငံရေး အခြေအနေရယ် ပြည်တွင်းက လုပ်သားအခြေအနေ ဈေးပေါတာရယ် ဒါတွေကိုကြည့်ပြီး စင်ကာပူက တောက်လျှောက်ဝင်လာတာ”ဟု ၎င်းက သုံးသပ်ပြောကြားသည်။

ယခုဘဏ္ဍာနှစ်စအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစုစုပေါင်း ၃၈ ခု ဝင်ရောက်ပြီး အမေရိကန်ဒေါ်လာ ၇၈၉ သန်းရရှိထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

တရုတ်ရင်းနှီးမြှုပ်နှံမှုပမာဏသည် ၂၀၀၇ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံ ရင်းနှီးမြှုပ်နှံထားပြီး ယခုနောက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှု ပြန်လျော့သွားသည်။

J-13