News

POST TYPE

POLITICAL

ကချင်နှင့် ရှမ်းမြောက်တွင် စစ်ဘေးရှောင် နှစ်ဆကျော်တိုး
13-Dec-2018
ရန်ကုန်၊ ဒီဇင်ဘာ ၁၂

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများတွင် ၂၀၁၈ ခုနှစ်အတွင်း စစ်ဘေးရှောင်ပြည်သူများ ယခင်နှစ်ထက် နှစ်ဆကျော်ထိ တိုးလာကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) မြန်မာနိုင်ငံဆိုင်ရာရုံးက သတင်းထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၈ ဇန်နဝါရီလမှစတင်၍ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် လူဦးရေ ၃၂,၀၀၀ ကျော် ယာယီနေရပ်စွန့်ခွာ တိမ်းရှောင်မှုများရှိခဲ့ကြောင်း၊ ယင်းသည် ၂၀၁၇ ခုနှစ် အလားတူ ကာလများအတွင်း နေရပ်စွန့်ခွာရသည့် လူဦးရေနှင့်နှိုင်းယှဉ်ပါက နှစ်ဆကျော် ပိုမိုများပြားလာသည်ကို တွေ့ရှိရကြောင်း UNOCHA ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခုနှစ်တွင် တိုက်ပွဲများ ပိုမိုများပြားခဲ့ပြီး ကချင်နှင့်ရှမ်းမြောက်နေရာအနှံ့အပြားတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည့်အတွက် ယခုကဲ့သို့ စစ်ဘေးရှောင်အရေအတွက် ပိုမိုများပြားလာသည်ဟု ယူဆရကြောင်းနှင့် ဒုက္ခသည်များအတွက် ထောက်ပံ့မှုများလည်း ပိုမိုလိုအပ်နေကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသည့် ကိုဇော်ထွန်းက ပြောကြားသည်။

“အခုက တိုက်ပွဲတွေက ဟိုနားဖြစ်လိုက် ဒီနားဖြစ်လိုက် နေရာအနှံ့မှာ ဖြစ်ပွားနေတာဆိုတော့ စစ်ရှောင်တွေလည်း ပိုတိုးလာတယ်လို့ ပြောလို့ရတယ်”ဟု ၎င်းကဆိုသည်။

ထို့ပြင် ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းအတွင်း တပ်မတော်၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ရှမ်း ပြည်တိုးတက်ရေးပါတီ (SSPP)၊ တအာင်း ပလောင်လက်နက်ကိုင်အဖွဲ့ (TNLA) စသည့် လက်နက်ကိုင်များအကြား ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် ရှမ်းပြည်နယ် ကျောက်မဲ၊ သီပေါနှင့် နမ္မတူမြို့နယ်များတွင် လူဦးရေ ၁၁၀၀ ကျော် အသစ်ထပ်မံနေရပ်စွန့်ခွာခဲ့ရကြောင်း UNOCHA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် နမ္မတူမြို့နယ်တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က အရပ်သား ၂၈ ဦးကို ပစ္စည်းများသယ်ဆောင်ပေးရန် အဓမ္မဖမ်းဆီး၊ ခိုင်းစေမှုများရှိခဲ့ကြောင်း အစီရင်ခံမှုများရှိခဲ့ပြီး အဆိုပါဖမ်းဆီးခံခဲ့ရသော အရပ်သားများကို ရက်အနည်းငယ်အကြာတွင် ပြန်လွှတ်ပေးခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

J-08