News

POST TYPE

POLITICAL

ရိုက်တာသတင်းထောက်နှစ်ဦးနှင့် ပတ်သက်သည့် အစီရင်ခံစာ သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံထံ ပေးပို့
13-Dec-2018

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေဖြင့် ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံခဲ့ရသော ရိုက်တာသတင်းထောက်နှစ်ဦးနှင့် ပတ်သက်သည့်အစီရင်ခံစာကို သမ္မတအပါ အဝင် နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဝန်ကြီးဌာနများထံ ဒီဇင်ဘာလ ၁၂ ရက်က ပေးပို့ခဲ့ကြောင်း မြန်မာနိုင်ငံသတင်းသမားများကာကွယ်ရေး ကော်မတီဝင် ကိုသာလွန် ဇောင်းထက်က ပြောကြားသည်။ 

ထိုသို့ ပေးပို့သော အစီရင်ခံစာတွင် အစိုးရနှင့် တရားစီရင်ရေး မှားယွင်းကြောင်းနှင့် အမှုတစ်ခုလုံးကို ပြန်လည်သုံးသပ်ပေးရန် အချက်များကို ထည့်သွင်းရေးသားထားသည့်စာမျက်နှာ ၁၀ မျက်နှာပါရှိပြီး ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ တရားသူကြီးချုပ်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်တို့ထံလည်း ပူးတွဲတင်ပြထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ဒီအစီရင်ခံစာကို ဒီနေ့တင်လိုက်တယ်။ စီရင်ချက်က မှားနေတယ်။ သူတို့ လုံးဝမှားနေတယ်။ ဒီသတင်းထောက်နှစ်ယောက်ကို လုံးဝလွှတ်ပေးသင့်နေပြီ”ဟု ၎င်းကဆိုသည်။

ဒီဇင်ဘာလ ၁ ရက်က Green hill ဟိုတယ်တွင် ကျင်းပခဲ့သည့်မီဒီယာလွတ်လပ်ခွင့်ကို ဖိနှိပ်သည့်ဥပဒေများ ဆွေးနွေးပွဲတွင် ကွန်ရက် ၂၈ ဖွဲ့၏ရိုက်တာအမှုကို သုံးသပ်ဆွေးနွေးပွဲမှ ထွက်ရှိလာသည်အချက်များကို သတင်းသမားကာကွယ်ရေး ကော်မတီက တင်ပြသွားမည်ဖြစ်သည်။

ရိုက်တာသတင်းထောက်နှစ်ဦး စတင်ဖမ်းဆီးခံရပြီးနောက်ပိုင်း နိုင်ငံတကာမှ လွတ်ငြိမ်းချမ်းသာခွင့်ပေးသင့်ကြောင်း ပြောဆိုမှုများရှိပြီး ပြည်တွင်း လူမှုအဖွဲ့အစည်းများက ဆန္ဒဖော်ထုတ်မှုများလည်း ရှိခဲ့သည်။

ရိုက်တာသတင်းထောက်နှစ်ဦးကို သမ္မတ၏လွတ်ငြိမ်းချမ်းသာခွင့်နှင့် အမြန်ဆုံးလွှတ်ပေးရန် အမေရိကန်၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက မြန်မာအစိုးရကို ဖိအားပေးနေချိန်မှာ သူတို့နှစ်ဦး အယူခံတင်ထားတာကို ရန်ကုန်တိုင်းတရားရုံးချုပ်က နိုဝင်ဘာလပထမအပတ်က လက်ခံခဲ့သည်။

အဆိုပါ သတင်းထောက်နှစ်ဦးသည် ရခိုင်ပြည်နယ်မြောက်ပိုင်း အင်းဒင်ရွာတွင် ရွာသားများ သတ်ဖြတ်သည့်သတင်းကို စုံစမ်းဖော်ထုတ်စဉ် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်၊ ညပိုင်းက မင်္ဂလာဒုံမြို့နယ်တွင် လျှို့ဝှက်စာရွက်စာတမ်း လက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီးခံခဲ့ရသည်။

ရိုက်တာသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရခြင်း တစ်နှစ်ပြည့်စုဝေးပွဲကို ဒီဇင်ဘာလ ၁၂ ရက် ညနေပိုင်းက မဟာဗန္ဓုလပန်းခြံတွင် အရပ်ဘက်အဖွဲ့အစည်းများက ပြုလုပ်ခဲ့သည်။  

J-18