News

POST TYPE

POLITICAL

မွန်ညီညွတ်ရေးပါတီအဖြစ် အမည်ပြောင်းလျှောက်မည်
12-Dec-2018
မော်လမြိုင်၊ ဒီဇင်ဘာ ၁၂

ပေါင်းစည်းထားသော မွန်နိုင်ငံရေးပါတီများက တင်ပြသည့် မွန်ပါတီအမည်သစ်နှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သဘောမတူသည့်အတွက် “မွန်ညီညွတ်ရေးပါတီ”အမည်သို့ ပြောင်းလဲလျှောက်ထားမည်ဖြစ်ကြောင်း ယင်းအမည်ပြောင်းလျှောက်မည့်ပါတီ တွဲဖက်အတွင်းရေးမှူး (၁) နိုင်လယီတမက ပြောကြားသည်။

ပါတီပေါင်းစည်းခွင့်နှင့်အတူ “မွန်ပါတီ”အမည်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီတည်ထောင်ခွင့် မှတ်ပုံတင်ရန် လျှောက်ထားတင်ပြခဲ့ပြီးနောက် ကော်မရှင်က ဒီဇင်ဘာလ ၁၁ ရက်၌ ပါတီအမည်နှင့်ပတ်သက်၍ တာဝန်ရှိသူများကို ခေါ်ယူတွေ့ဆုံဆွေးနွေးထားသည့်အတွက် “မွန်ညီညွတ်ရေးပါတီ”အမည်သို့ ပြောင်းလဲတင်သွင်းမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“မွန်ပါတီ အမည်ရဲ့ အဓိပ္ပာယ်က လူမျိုးတစ်ခုလုံးကို ကိုယ်စားပြုတဲ့အမည် ဖြစ်နေတယ်။ ပါတီတစ်ခုက လူမျိုးတစ်မျိုးကို ကိုယ်စားပြုတယ်ဆိုတာမှန်ပေမယ့် နောင်တစ်ချိန် တခြားမွန်လူမျိုးတွေ နိုင်ငံရေးပါတီ တည်ထောင်မယ်ဆိုရင် လူမျိုးကို ကိုယ်စားမပြုတဲ့သဘော သက်ရောက်သွားနိုင်တယ်။ ဒါကြောင့် ဒီနာမည်က နောက်လူတွေအတွက် အခက်အခဲဖြစ်စေတဲ့အတွက် ကော်မရှင်က သဘောမတူဘူး။ အသစ်တစ်ခုကို ပြောင်းလဲတင်ပေးဖို့အတွက် ပြောဆိုလာပါတယ်”ဟု နိုင်လယီတမက ရှင်းပြသည်။

ထို့ကြောင့် မိမိတို့ မွန်ပါတီမှ ဗဟိုကော်မတီများအားလုံးနှင့် ပါတီအဖွဲ့ဝင်များအားလုံးမှ သဘောတူထားသည့် ဒုတိယ မဲ အများဆုံးဖြစ်သည့် “မွန်ညီညွတ်ရေးပါတီ”အမည်ဖြင့် ပြန်လည်၍ ပါတီပေါင်းစည်းခွင့်ကို ပြန်လည်တင်သွင်းသွားမည်ဖြစ်ကြောင်း၊ ထိုသို့ပါတီပေါင်းစည်းခွင့် ပြန်လည်တင်နိုင်ရေးအတွက် ပါတီတည်ထောင်လိုသူ ၁၈ ဦးတို့၏လက်မှတ်ကို ပြန်လည်ရယူ၍ ကော်မရှင်ထံသို့ ပြန်တင်သွားမည်ဖြစ်ကြောင်း မွန်ပါတီထံမှ သိရသည်။

“ပါတီပေါင်းစည်းခွင့်ကိုပဲ ပြန်တင်ရမှာ နာမည်အသစ်နဲ့ပတ်သက်ပြီး ကော်မရှင်နဲ့တွေ့တုန်းကတော့ အလွတ်သဘောတော့ ပြောထားတယ်။ နာမည်အသစ်လဲပြီး ပြန်တင်ပြီးလို့ ကော်မရှင်က အစည်းအဝေး ထိုင်ပြီးရင်တော့ ပေါင်းစည်းခွင့် ချပေးမှာပါ၊ ပေါင်းစည်းခွင့်ကိုတော့ ဒီရက်ပိုင်း အမြန်ဆုံးပြန်တင်သွားမယ်၊ ဒီသောကြာနေ့လောက် ဖြစ်နိုင်မှာပါ”ဟု နိုင်လယီတမက ပြောသည်။

မွန်ပါတီကို မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်အမျိုးသားကိုယ်စားပြုပါတီ တည်ထောင်လိုသူနှင့် မွန်နိုင်ငံရေး စိတ်ဝင်စားသည့်ပုဂ္ဂိုလ်များနှင့် စက်တင်ဘာလ ၂၁ ရက်တွင် ပြန်လည်ပူးပေါင်း ဖွဲ့စည်းထားသည့်ပါတီဖြစ်သည်။

R-21