News

POST TYPE

POLITICAL

ရွာသုံးရွာကို အတင်းအကျပ် ရွှေ့ပြောင်းဟုဆိုသည့့် RCSS စွပ်စွဲချက် PNLO ငြင်းဆို
06-Dec-2018
ရန်ကုန်၊ ဒီဇင်ဘာ ၅

ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ် နားမွန်ကျေးရွာ အုပ်စုရှိရွာသုံးရွာကို အတင်းအကျပ် ရွှေ့ပြောင်းရန် PNLO က လုပ်ဆောင်နေသည်ဟု ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အဖွဲ့က စွပ်စွဲထုတ်ပြန်ခဲ့သည့်အပေါ် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က ငြင်းချက်ထုတ်ပြန်လိုက်သည်။

တပ်မတော်နှင့် PNLO/PNLA ပူးပေါင်းတပ်ဖွဲ့တို့၏ အတင်းအဓမ္မ ရွှေ့ပြောင်းရန် စေခိုင်းခဲ့ခြင်းဖြစ်ပြီး ပြောင်းရွှေ့စေသည့် ကျေးရွာများမှာ ပန်ပီကျေးရွာ အိမ်ခြေ ၂၁၊ ဝမ်မုတ်ကျေးရွာ အိမ်ခြေ ၁၁ အိမ်နှင့် ပေါက်ကျောင်း ကျေးရွာအိမ်ခြေ ၉ အိမ် စုစုပေါင်း အိမ်ခြေ ၄၁ အိမ် ရှိကြောင်း RCSS အဖွဲ့က စွပ်စွဲချက် ထုတ်ပြန်ခဲ့သည်။

တပ်မတော်နှင့် PNLO/PNLA တပ်ဖွဲ့တို့မှ ဒေသခံပြည်သူများအား နေရပ်မှရွှေ့ပြောင်းရန် အဓမ္မစေခိုင်းမှုသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ပါ အခန်း (၃) အပိုဒ် (၉) အရပ်သားများကို ကာကွယ်ပေးခြင်း ခေါင်းစဉ်အောက်မှ ဒေသခံပြည်သူများကို အဓမ္မ နေရပ်စွန့်ခွာစေခြင်း၊ ရွှေ့ ပြောင်းစေခြင်း မပြုလုပ်ရဟူသည့် အချက်အား ချိုးဖောက်ခြင်းဖြစ်ကြောင်းလည်း RCSS ၏ သတင်းထုတ်ပြန်ရေးဌာနဖြစ်သော Tai Freedom News တွင် ထုတ်ပြန်ခဲ့သည်။

PNLO အဖွဲ့သည် တပ်မတော်နှင့်ပူးပေါင်းကာ အဆိုပါဒေသတွင် စစ်စခန်းဆောက်လုပ်ရန် စီစဉ်နေသည်ဟု ကြားသိရပြီး အဆိုပါ ကျေးရွာသုံးရွာ ရွှေ့ဆိုင်းစေခြင်း ရည်ရွယ်ချက်ဖြစ်နိုင်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ပြောဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းဦးက ပြောကြားသည်။

“သူတို့ အဲဒီ ပန်ပီဆိုတဲ့ဘက်ပေါ့။ အဲဒီမှာ တပ်နဲ့ပေါင်းပြီး စခန်းတွေ ဆောက်နေတယ် ကြားထားတာ။ အဲဒီသုံးရွာကိုလည်း အမြန်ဆုံး ရွှေ့ပေးဖို့ ပြောထားတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ စွပ်စွဲချက်အပေါ် PNLO အဖွဲ့ကလည်း ငြင်းဆိုသည့် ထုတ်ပြန်ချက်တစ်စောင်ကို ဒီဇင်ဘာလ ၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး အဆိုပါ ပြောကြားချက်မှာ လုံးဝ မှားယွင်းသည့်သတင်းဖြစ်ကြောင်း PNLO အနေနှင့် ပြည်သူလူထု ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် အချက်များကို လုပ်ဆောင်ခြင်းမရှိကြောင်း ဖော်ပြထားသည်။

ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) အဖွဲ့နှင့် ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) တို့သည် အပစ်ရပ်စာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဖြစ်သော်လည်း အဆိုပါဒေသများတွင် နယ်မြေ ပြဿနာရှိနေပြီး တိုက်ပွဲ ဖြစ်ပွားမှုများလည်း ရှိခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်းကလည်း အဆိုပါ မိုင်းပန်မြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ကြပြီး စစ်ရေးလှုပ်ရှားမှုများ အပြန်အလှန် ပြုလုပ်ကာ နှစ်ဖက်စစ်ရေး တင်းမာနေကြခြင်းဖြစ်သည်။

R-08