News

POST TYPE

POLITICAL

မွန်ပြည်နယ်သို့ သက်ကြီးရွယ်အိုများ လာရောက်စွန့်ပစ်မှုများ
04-Dec-2018
မော်လမြိုင်၊ ဒီဇင်ဘာ ၃

အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မွန်ပြည်နယ်သို့လာရောက်၍ သက်ကြီးရွယ်အိုစွန့်ပစ်မှု ပိုမိုများပြားလာကြောင်း မွန်အခြေစိုက် လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

“ကျွန်တော်တို့ လုပ်ခဲ့တဲ့ကာလတစ်လျှောက် ၂၀၁၆ ကနေ အခုဆိုရင် အယောက် ၄၀ လောက်ရှိပြီး၊ ၂၀၁၈ မှာ ပိုများလာတယ်၊ အခုအနေအထားအရဆိုရင် ၁၅ ယောက်လောက်ရှိလာတယ်၊ ဒီကိစ္စကိုလည်း ဒီနောက်ပိုင်း လူတွေ စိတ်ဝင်စားလာတယ်၊ ဒီကိစ္စက နည်းနည်း ထင်ပေါ်လာတဲ့ ကိစ္စရပ်တစ်ခုဖြစ်လာတယ်၊ အရင်ကလည်း ရှိနေတယ်၊ ရှိနေတာကို လူတွေက ငြိမ်နေတယ်၊ အခုမှ ဘယ်လိုကူညီရမလဲဆိုတာ သိလာကြတယ်”ဟု လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကိုဘိုဘိုဝင်းက ပြောသည်။

အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်က မွန်ပြည်နယ်အတွင်း လာရောက်စွန့်ပစ်ခံရသည့် သက်ကြီးရွယ်အို အများစုမှာ အသက် ၆၅ နှစ်မှ ၇၅ နှစ်ကြား အဘိုးအဘွားများဖြစ်ကြပြီး မီးရထားဘူတာ၊ ဘုရားစောင်းတန်းနှင့် ကားဂိတ်တို့တွင် အများစု လာရောက်စွန့်ပစ်ခဲ့ကြကြောင်း၊ မွန်ပြည်နယ်တွင်းမှ စွန့်ပစ်မှုမှာ တစ်နှစ်လုံးတွင် ၃ ဦးခန့်သာရှိကြောင်း ၎င်းကရှင်းပြသည်။

“အဓိက ဒီလိုစွန့်ပစ်ခံ ဘိုးဘွားတွေကို ကျွန်တော်တို့ လူမှုဝန်ထမ်းကနေ လုပ်ပေးနေတာက ဒီအဘိုးအဘွားတွေက သူတို့ သားသမီးတွေရှိလား၊ အဘိုးအဘွားတွေက မျက်စိလည်ပြီး မပြန်တတ်တာလား ဒါကိုမေးမြန်းစုံစမ်းပြီး သားသမီးတွေဆီကို အိမ်တိုင်ရာရောက် ပြန်ပို့ပေးတယ်၊ နောက်တစ်ချက်က တစ်ဦးတစ်ယောက်က လာပစ်ထားတယ်၊ ကျန်းမာရေးကလည်း မကောင်းဘူးဆိုရင် ကျွန်တော်တို့ ကျန်းမာရေးဌာနနဲ့ပူးပေါင်းပြီး ဆေးရုံမှာ ကုသမှုလုပ်ပေးတယ်”ဟု ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာရဲမြတ်ဦးက ပြောသည်။

ထိုမျှမက စွန့်ပစ်ခံ အဘိုးအဘွားများအနေနှင့် ကျန်းမာရေး အခြေအနေမှာ ပုံမှန်အတိုင်းဖြစ်နေပါက သတ်မှတ်ထားသည့် အချက်အလက်နှင့်ကိုက်ညီပြီး ၎င်းတို့ဆန္ဒရှိပါက ဘိုးဘွားရိပ်သာသို့ ပို့ဆောင်ပေးကြောင်း၊ နောက်ဆုံးအချက်အနေနှင့် စွန့်ပစ်ခံ အဘိုးအဘွားများအနေနှင့် စွန့်ပစ်သူကိုလည်း မသိ၊ ၎င်းတို့ကိုယ်တိုင်အနေနှင့်လည်း ဘိုးဘွားရိပ်သာတွင် နေထိုင်ရန် စိတ်ပါဝင်စားမှု မရှိပါက လူမှုဝန်ထမ်းနှင့် ဆက်စပ် လုပ်ဆောင်နေသည့် သက်ကြီးရွယ်အို စောင့်ရှောက်သည့်ဂေဟာသို့ ပို့ဆောင်ပေးကြောင်း ဒေါက်တာရဲမြတ်ဦးကဆိုသည်။

မွန်ပြည်နယ်တွင် စွန့်ပစ်သက်ကြီးရွယ်အိုများကို ထိန်းသိမ်းစောင့်ရှောက်သည့် ဂေဟာဖွင့်လှစ်ရန်အတွက် မြေနေရာကို ရရှိထားသော်လည်း အဆောက်အအုံ ဆောက်လုပ်ခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ပေးနိုင်ရန်အတွက် ရန်ကုန်ရှိ စွန့်ပစ်သက်ကြီးရွယ်အို စောင့်ရှောက်သည့် ဂေဟာများတွင် လေ့လာလျက်ရှိကြောင်း၊ မွန်ပြည်နယ်တွင် ထိုဂေဟာမျိုး မရှိသေးကြောင်း၊ ဘိုးဘွားရိပ်သာကိုသာ ပို့ဆောင်ပေးနေရကြောင်း မွန်ပြည်နယ် ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

R-21