News

POST TYPE

POLITICAL

ပဲခူးရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးကို ဝန်ကြီးချုပ်မှတ်ချက်ဖြင့် တာဝန်ရပ်စဲမှု မမျှတဟုတုံ့ပြန်
04-Dec-2018
တောင်ငူ၊ ဒီဇင်ဘာ ၃

ပဲခူးတိုင်း ပဲခူးမြို့နယ် အဝိုင်းကျေးရွာ အုပ်ချုပ်ရေးမှူးကို ပြီးခဲ့သည့်နှစ်ပတ်ခန့်က ဝန်ကြီးချုပ်မှတ်ချက်နှင့်အတူ လွှတ်တော်ကိုယ်စားလှယ် ၄ ဦးမှတ်ချက်ဟုဆိုကာ တာဝန်က ရပ်စဲခံရမှုသည်မမျှတကြောင်း ကာယကံရှင်နှင့် ဒေသခံအချို့က တုံ့ပြန်ပြောကြားသည်။

“အရင်ကလည်း အကြောင်းမရှိ အကြောင်းရှာတိုင်ခံနေရတယ်။ တိုင်တိုင်း စစ်ဆေးကျတော့လည်း ဘာအပြစ်မှ မပေါ်ပေါက်ဘူး။ ဒဏ်ရိုက်တဲ့ငွေတွေ အလွဲသုံးတယ်၊ ရန်ပုံငွေ ကိုယ်ကျိုးသုံးတယ်စသဖြင့် ခဏခဏတိုင်နေတာ။ မြို့နယ်အုပ်ချုပ်ရေးမှူး အပြောင်းအလဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေ မှတ်ချက်နဲ့ ဖြုတ်ပစ်လိုက်တာ လက်မခံဘူး”ဟု အဝိုင်းကျေးရွာဒေသခံ ဦးမင်းခန့်ကျော်က ပြောကြားသည်။

အဆိုပါ အဝိုင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးသည် ၂၀၁၃ ခုနှစ်မှစတင်၍ အုပ်ချုပ်ရေးမှူးတာဝန် စတင်ထမ်းဆောင်ခဲ့ပြီး ၂၀၁၅ ခုနှစ်က ထပ်မံ ရွေးချယ်ခံခဲ့ရကြောင်း၊ အများကြည်ညို လေးစားခံရသူတစ်ဦးဖြစ်သော်လည်း ပါတီနောက်ခံရှိသည့် အုပ်စုတစ်စုက မကြာခဏ အကြောင်းရှာ တိုင်တန်းခံခဲ့ရပြီး ယခင်ပဲခူးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်နှင့် လက်ရှိအုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဦးတို့ အပြောင်း ကြားကာလတစ်လမပြည့်မီမှာပင် ထပ်မံတိုင်ကြားမှုကို စစ်ဆေးခြင်းမရှိ တာဝန်မှရပ်စဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောကြားသည်။

“ကျွန်တော့်ကို အာဏာအလွဲသုံးတယ်၊ လွှတ်တော်ရန်ပုံငွေကျပ်သိန်း ၃၀ ကျော်ကို စာရင်းမရှိသုံးတယ်စသဖြင့် ခဏခဏ တိုင်ကြားနေပေမယ့် မဟုတ်ပါဘူး။ အပြစ်လည်း မပေါ်ပေါက်ဘူး။ အခု တစ်ခေါက်က ပထမတိုင်တာကို မစစ်ဆေးဘဲ တာဝန်ကရပ်တာ နစ်နာတယ်”ဟု တာဝန်မှ ရပ်စဲခံရသူ အဝိုင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးက တုံ့ပြန်ပြောကြားသည်။

ထိုသို့အဝိုင်းဒေသခံအချို့နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးတို့က တာဝန်မှရပ်စဲခံရသည်ဟု ပြောဆိုနေသော်လည်း ပဲခူးမြို့နယ် တိုင်းဒေသကြီး အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေကမူ တာဝန်မှရပ်စဲခြင်း မဟုတ်ဘဲ ကျေးရွာဆယ်အိမ်စုမှူးအဖြစ် ထပ်မံ ရွေးချယ်ခွင့်မပေးတော့ခြင်းသာဖြစ်ကြောင်း ဆိုသည်။

“သူ့မှာ အဂတိတွေရှိတယ်။ တိုင်ကြားမှုတွေကလည်း အများကြီးမို့ ဝန်ကြီးချုပ်မှတ်ချက်နဲ့ ထပ်မံရွေးချယ်ခွင့် မပေးတော့တာပါ။ ရပ်ကျေးဥပဒေပုဒ်မ ၅ နဲ့ မကိုက်လို့ ရွေးချယ်ခွင့်တားမြစ်တာပါ။ အဝိုင်းကျေးရွာ အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲလည်း မပြီးသေးသလို၊ သူ့ကိုရပ်ရွာက ရွေးချယ်ထားတယ်ဆိုတာလည်းမဟုတ် ပါဘူး”ဟု ၎င်းကဆိုသည်။

R-15