News

POST TYPE

POLITICAL

KNU နယ်မြေအတွင်း အစိုးရလမ်းဖောက်ခြင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်ဟု တောင်ငူခရိုင် KNU ပြောရေးဆိုခွင့်ရှိသူဆို
04-Dec-2018

တောင်ငူ၊ ဒီဇင်ဘာ ၃

ကရင်အမျိုးသား အစည်းအရုံး (KNU) နယ်မြေဖြစ်သည့် ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် အရှေ့ခြမ်းဘက်တွင် အစိုးရက လမ်းဖောက်လုပ်နေခြင်းသည် ဒေသခံပြည်သူများကို အကျိုးမရှိစေသည့်အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ထိခိုက်စေကြောင်း တောင်ငူခရိုင် ပြောရေးဆိုခွင့်ရှိသူ စောသူကဘီးက ပြောကြားသည်။

“KNU နယ်မြေထဲမှာ အစိုးရက လမ်းဖောက်နေတာ ပြည်သူ အကျိုးမရှိဘူး။ အစိုးရနဲ့လက်မှတ်ရေးထိုးတဲ့ ၂၀၁၂ ခုနှစ်လောက်ကတည်းကစပြီး တပ်မတော်ဘက်က လမ်းတွေဖောက်လုပ်ဖို့ ကျွန်တော်တို့ကို ဖိအားပေးလာတာမျိုးရှိတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး JMC-S (ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲ စောင့်ကြည့်ရေးကော်မတီ(ပဲခူးတိုင်း))နဲ့ ဗဟို JMC ကို တင်ပြပေမယ့် အဖြေမထွက်ဘူး။ တိကျတဲ့ အဖြေမျိုးမပေးဘူး။ ကျွန်တော် တို့ယူဆတာက အစိုးရ၊ တပ်ဘက်နဲ့ KNU  အစည်းအရုံး ထပ်မံတွေ့ဆုံညှိနှိုင်း ဖြေရှင်းဖို့လိုနေပြီလို့ယူဆတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းကဲ့သို့ KNU နယ်မြေများတွင် အစိုးရက လမ်းဖောက်နေခြင်းသည် လူထုအကျိုးထက် အစိုးရ၏ နယ်ချဲ့ခြင်းသာဖြစ်ပြီး စစ်ဘက်ဆိုင်ရာကိစ္စများကိုသာ အထောက်အကူပြုရေးဖြစ်နေသည့်အတွက် အပြင်းအထန် ကန့်ကွက်ကြောင်း တောင်ငူခရိုင် KNU က ဒီဇင်ဘာ ၂ ရက် နေ့က သဘောထားထုတ်ပြန်သည်။

တောင်ငူခရိုင် KNU  ၏ ၆ ကြိမ်မြောက်ညီလာခံကို ပဲခူးတိုင်း ထန်းတပင်မြို့နယ် KNU ထိန်းချုပ်နယ်မြေအတွင်း နိုဝင်ဘာ ၂၆ ရက်နေ့မှ ဒီဇင်ဘာ ၁ ရက်နေ့အထိ ညီလာခံကိုယ်စားလှယ် ၈၅ ဦးနှင့် ဗဟိုခေါင်းဆောင် ၇ ဦးအပါအဝင် ဖိတ်ကြားထားသူများ၊ လေ့လာသူများ တက်ရောက်ခဲ့ကြသည့် ညီလာခံအပြီးတွင် ညောင်လေးပင်-ဖာပွန် (မူတရော်) ခရိုင်နယ်ချင်းဆက် ခေးမူ-လယ်မူပလော လမ်းဖောက်လုပ်နေမှုနှင့်ပတ်သက်ပြီး ကန့်ကွက်သည့် ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းလမ်းဖောက်လုပ်နေမှုကို မရပ်ဆိုင်းဘဲ ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက ပဋိပက္ခဖြစ်ပွားပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ယုံကြည်မှုတည်ဆောက်ရေးကို ထိခိုက်စေနိုင်ကြောင်း ယင်းထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

ထို့ပြင် တောင်ငူခရိုင်အတွင်း အစိုးရသစ်တောဌာနမှ ကြိုးဝိုင်းကြိုးပြင်ကာကွယ်တော တိုးချဲ့သတ်မှတ်မှုများမှာလည်း ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးကို ထိခိုက်စေသည့်အတွက် NCA စာချုပ်ပါ ကြားကာလအစီအစဉ်အရ နှစ်ဖက် ညှိနှိုင်းသဘောတူညီမှုနှင့် အကောင်အထည် ဖော်ဆောင်ရွက်စေလိုကြောင်း ယင်းထုတ်ပြန်ချက်ကဆိုသည်။

အဆိုပါ လမ်းဖောက်လုပ်မှုပြဿနာနှင့်ပတ်သက်ပြီး ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးလည်းဖြစ်သည့် JMC-S ပဲခူးပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး လှမျိုးရွှေကို ဒီဇင်ဘာ ၃ ရက် မွန်းလွဲပိုင်းက ဆက်သွယ်စုံစမ်းမေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။

R-15