News

POST TYPE

POLITICAL

ဘရိတ်ပေါက်ဝင်လာသည့်ကားတိုက်၍ ရွှေကြီးမြင့်ဘုရားပွဲလာသူ ကလေး ၄ ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံး
03-Dec-2018
မင်းလှ၊ ဒီဇင်ဘာ ၃

ပဲခူးတိုင်း မင်းလှမြို့နယ် စိန်ကန့်လန့်ကျေးရွာရှိ ရွှေကြီးမြင့်ဘုရားပွဲခင်းသို့ ဒီဇင်ဘာလ ၂ ရက် ည ၇ နာရီခန့်က ဝါးများတင်ဆောင်လာသည့် ယာဉ်တစ်စီး ဘရိတ်ပေါက်၍ဝင်တိုက်မိသောကြောင့် လူငါးဦးသေဆုံးပြီး ၂၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မင်းလှမြို့နယ် မြေရဲစခန်းမှ ရဲအုပ်သန့်ဇော်ဦးက ပြောကြားသည်။

မြို့ချောင်းကျေးရွာမှ မင်းလှဘက်သို့ ယာဉ်မောင်း တင်မောင်ဝင်း မောင်နှင်းလာသော ဖောကားအပြာရောင်သည် ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ ရွှေကြီးမြင့် ဘုရားပွဲခင်းထဲရှိ ဘုရားပွဲဈေးလာသူများအား ဝင်ရောက်တိုက်မိ၍ အသက် ၇ နှစ်ရှိ မောင်မျိုးသန့်ဇင်၊ အသက် ၉ နှစ်ရှိ မကြယ်စင်လင်း၊ အသက် ၉ နှစ်ရှိ မနန်းရွှေရည်မြင့်မောင်၊ အသက် (၁) နှစ် (၆) လခန့်ရှိ ကလေးတစ်ဦးနှင့်အသက် ၄၀ နှစ်ရှိ မခင်မာလာတို့ နေရာတွင်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာသူ အသက် ၃၀ မှ ၅၀ နှစ်အတွင်း ၂၀ ဦး၊ ပြင်းထန်းဒဏ်ရာရသူ အသက် ၂၀ နှစ်မှ ၄၀ နှစ်အတွင်းရှိ အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၂ ဦးတို့ရှိကြောင်း ရဲကြေးနန်းစာအရ သိရသည်။

ယာဉ်တိုက်မှုနှင့်ပတ်သက်၍ ယာဉ်မောင်း တင်မောင်ဝင်း (၄၈ နှစ်)အား မင်းလှမြို့နယ် မြေရဲစခန်း ရဲအုပ်သန့်ဇော်ဦးမှ ယာဉ် (ပ) ၅၀/၂၀၁၈ ရာဇာသတ်ကြီး ဥပဒေပုဒ်မ ၃၀၄ (က) / ၃၃၈ / ၃၃၇ဖြင့် အမူဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

R-19