News

POST TYPE

POLITICAL

မိုင်းအန္တရာယ်ရှိ ဒေသများ၌ ဒေသဆိုင်ရာဘာသာများဖြင့် သတိပေး ဆိုင်းဘုတ်စိုက်ထူမည်
19-Nov-2018
ဘားအံ၊ နိုဝင်ဘာ ၁၉

စစ်လက်ကျန်ပေါက်ကွဲပစ္စည်းများနှင့် မိုင်းများကြောင့် အန္တရာယ်ရှိသည့်ဒေသများတွင် သတိပေးဆိုင်းဘုတ်များကို မြန်မာဘာသာအပြင် ဒေသဆိုင်ရာတိုင်းရင်းသားဘာသာများဖြင့် စိုက်ထူမည်ဖြစ်ကြောင်း The Halo Trust Myanmar မှ ကရင်ပြည်နယ်ဆိုင်ရာ တာဝန်ခံ ဒါရိုက်တာ Mr. Sam Fricker က ပြောကြားသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့က ဘားအံမြို့နယ် သံလွင်ပါရာဒိုက်စ်ဟိုတယ်တွင် ကျင်းပပြုလုပ်သည့် မိုင်းအန္တရာယ် အသိပညာပေး လုပ်ငန်းအဖွဲ့၏ အဋ္ဌမအကြိမ်မြောက် အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီဆိုင်းဘုတ်လေးထားခြင်းအားဖြင့် လူတွေရဲ့အသက်ကို ကယ်တင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်၊ နိုင်ငံတကာမှာလည်း ဒီလိုလုပ်တာရှိပါတယ်၊ ကျွန်တော်တို့ စဉ်စားရမှာက ပုံမှန် ဆိုင်းဘုတ်အရွယ်အစားကတော့ ၁ ပေပတ်လည်ဝန်းကျင်မှာပဲ ရှိပါတယ်၊ မြင်သာတဲ့အမှတ်အသားက အန္တရာယ်ရှိတယ်ဆိုတဲ့ အရိုးချောင်း အမှတ်အသားကို အဓိကထင်ပေါ်အောင် လုပ်ရမယ်၊ သတိပေးစာသားကတော့ အနည်းငယ်သေးသေးလေးပဲ ရေးရမှာဖြစ်ပါတယ်”ဟု Mr. Sam Fricker က ပြောကြားသည်။

လတ်တလော မတူညီသည့် တိုင်းရင်းသားစာပေများဖြင့် ဆိုင်းဘုတ်များ မှန်ကန်စွာ ရေးသားနိုင်ရန် ဆောင်ရွက်နေပြီး အသိပေးဆိုင်းဘုတ်များကို နေရာတိုင်း စိုက်ထူသွားမည်မဟုတ်ဘဲ အမှန်တကယ် မိုင်းအန္တရာယ်ရှိသည့် နေရာများတွင်သာ စိုက်ထူသွားမည်ဖြစ်ကြောင်း The Halo Trust Myanmar အဖွဲ့ထံမှ သိရသည်။

ယခုပြုလုပ်ပေးမည့် သတိပေးဆိုင်းဘုတ်များကို သဘောမကျပါက အခြားအမှတ်အသားများ ပြုလုပ်နိုင်ရန် စီစဉ်ပေးမည်ဖြစ်ကြောင်း The Halo Trust Myanmar အစီအစဉ် မန်နေဂျာ ဦးကျော်မင်းဦးက ဆိုသည်။

“ဆိုင်းဘုတ်လုပ်ပြီး သတိပေးတယ်ဆိုတဲ့နေရာမှာ စာတတ်တဲ့သူရော မတတ်တဲ့သူရော နားလည်နိုင်မဲ့ အမှတ်အသားမျိုး ဖြစ်သင့်တယ်၊ အရိုးခေါင်းပုံစံနဲ့ သတိပေးတာက ထရမ်စဖော်မာမှာလည်း သတိပေးတာမျိုးရှိတယ်၊ အခြား အမှတ်အသား လုပ်တာမျိုးကိုလည်း ထည့်သွင်းစဉ်းစားစေချင်တယ်”ဟု ယင်းဆွေးနွေးပွဲသို့ တက်ရောက်လာသူ အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦးက မှတ်ချက်ပြုပြောကြားသည်။

ယခင်က ကရင်ပြည်နယ်တွင် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တပ်မတော်တို့အကြား တိုက်ပွဲများစွာ ဖြစ်ပွားခဲ့ရပြီး ငြိမ်းချမ်းရေး ရယူခဲ့ပြီးနောက် ဒေသတွင်း တည်ငြိမ်မှုများ ရှိလာခဲ့သော်လည်း အချို့ဒေသများတွင် စစ်လက်ကျန်ပေါက်ကွဲပစ္စည်းနှင့် မိုင်းအန္တရာယ်များ ရှိနေဆဲဖြစ်ကြောင်း၊ မိုင်းရှင်းလင်းရေးကို ငြိမ်းချမ်းရေး ရယူထားသော တိုင်းရင်းသား လက်နက်ကိုင်များ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်နေသည်ဟု ဆိုသော်လည်း မိုင်းအသိပညာပေးလုပ်ငန်းများကိုသာ လုပ်ဆောင်နိုင်သေးပြီး မိုင်းရှင်းလင်းရေးကို လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း ယနေ့အချိန်တွင် မိုင်းကြောင့် ထိခိုက်ဒဏ်ရာရာသူများကို နိုင်ငံတော်အစိုးရ၏ ခွင့်ပြုငွေဖြင့် ကျပ်သိန်းလေးထောင်ကျော် ထောက်ပံ့ထားကြောင်း ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနထံမှ သိရသည်။

R-17