News

POST TYPE

POLITICAL

လားရှိုး- မူဆယ်လမ်းတွင် ပြည်သူ့စစ်တစ်ဦးက သေနတ်ဖြင့်ပစ်၍ အမျိုးသားတစ်ဦး ဒဏ်ရာရ
18-Nov-2018
လားရှိုး၊ နိုဝင်ဘာ ၁၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး- မူဆယ်ပြည်ထောင်စုလမ်းပေါ်ရှိ နမ့်ခိုင်တံတားတွင် ယနေ့ (နိုဝင်ဘာလ ၁၈ ရက်) နံနက်က လုံခြုံရေးဆောင်ရွက်နေသည့် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ယင်းနေ့ နံနက်အစောပိုင်းက ကွတ်ခိုင်မြို့မှ မူဆယ်မြို့ဘက်သို့ မောင်းနှင်လာသည့် AD VAN အမျိုးအစား မော်တော်ယာဉ်ကို စစ်ဆေးရန် ရပ်တန့်ခိုင်းရာ၌ ရပ်တန့်ခြင်း မရှိသည့်အတွက် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် အားကျူ၊ အသက် ၂၄ နှစ်က သေနတ်ဖြင့် ယာဉ်ကိုပစ်ခတ်ခဲ့ရာ အဆိုပါယာဉ်ပေါ်လိုက်ပါလာသူ ဦးသိန်းဝင်း အသက် ၃၅ နှစ်ကို သေနတ်ကျည်ဆန် ထိမှန်ခဲ့ပြီး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း မူဆယ်မြို့ရှိ၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ဦးသိန်းဝင်းမှာ သေနတ်ကျည်ဆန် ဖောက်ဝင်ဒဏ်ရာ ရရှိခဲ့သဖြင့် နမ့်ဖတ်ကာဆေးရုံမှတစ်ဆင့် မူဆယ်ဆေးရုံသို့ လွှဲပြောင်း၍ ဆေးကုသမှုခံယူနေရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်သူ့စစ်အဖွဲ့ဝင် အားကျူကို ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရဲစခန်း၌ ပထမသတင်းပေးချက် အမှတ်၂၁/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၇ အရ အမှုဖွင့် ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

R-07