News

POST TYPE

POLITICAL

ငြိမ်းချမ်းရေးကော်မရှင်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့နှင့် အလွတ်သဘော ဆွေးနွေးမည်
15-Nov-2018

ရန်ကုန်၊ နိုဝင်ဘာ ၁၄

အစိုးရငြိမ်းချမ်းရေးကော်မရှင်အနေနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှ ယာယီဆိုင်းငံ့ထားသည့် ကရင်အမျိုးသား အစည်းအရုံး (KNU) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အချို့နှင့် အလွတ်သဘောဆွေးနွေးမှုကို ထိုင်းနိုင်ငံ ချင်းမိုင်တွင် ပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါတိုင်းရင်းသားအဖွဲ့များထံမှ စုံစမ်းသိရသည်။

ယင်းတွေ့ဆုံမှုကို နိုဝင်ဘာလ ၁၆ ရက်တွင် ပြုလုပ်မည်ဟု ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးက အတည်ပြုပြောဆိုပြီး ပါဝင်မည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုတော့ အတည်ပြု ပြောဆိုခဲ့ခြင်းမရှိပေ။

“၁၆ ရက်နေ့ သွားရမှာ ကျွန်တော်လည်းပါတယ်။ တွေ့မယ့်အဖွဲ့က ဘယ်အဖွဲ့တွေလဲဆိုတာတော့ မသိသေးပါဘူး”ဟု ၎င်းကဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများထံ စုံစမ်းမေးမြန်းမှုအရ အပစ်ရပ်လက်မှတ်ထိုးထားသည့်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အဖွဲ့တို့အပြင် လက်မှတ်မရေးထိုးရသေးသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အဖွဲ့လည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အစိုးရငြိမ်းချမ်းရေး ကော်မရှင်နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) အဖွဲ့ သီးသန့်တွေ့ဆုံမှုကို လာမည့်ရက်ပိုင်းအတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း KNPP လွိုင်ကော်ဆက်ဆံရေး ရုံးတာဝန်ခံ ခူညေးရယ်က အတည်ပြု ပြောကြားသည်။

“တွေ့ဆုံဖို့ရှိတယ်ဆိုတာ ဟုတ်တယ်။ ဒီအပတ်ထဲမှာ ရက်တော့ အတိအကျ မသိဘူး။ ချင်းမိုင်မှာ တွေ့ဖို့ရှိတယ်”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် အကျပ်အတည်း ဖြစ်ပေါ်နေသည့် သုံးသပ်မှုများရှိနေပြီး အပစ်ရပ် ထိုးထားသည့်အဖွဲ့များနှင့်လည်း ရှေ့ဆက်၍ မဆွေးနွေးနိုင်သည့် အခြေအနေများ ရှိနေသည်။

ကရင်အမျိုးသား အစည်းအရုံး (KNU) အဖွဲ့သည် လတ်တလော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ တက်ရောက်ခြင်းကို ယာယီဆိုင်းငံ့ကာ အဖွဲ့အတွင်း ပြန်လည် သုံးသပ်သွားမည်ဖြစ်ကြောင်း အစိုးရ၊ တပ်မတော်တို့နှင့် တရားဝင် ဆွေးနွေးပွဲများ မပြုလုပ်သေးဘဲ အလွတ်သဘော ဆွေးနွေးမှုများမှ အဖြေရှာသွားမည်ဖြစ်ကြောင်းကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အဖွဲ့ကလည်း ယခုရက်ပိုင်းက တပ်မတော်နှင့် သီးသန့်တွေ့ဆုံကာ နယ်မြေသတ်မှတ်မှု၊ အပစ်ရပ် စောင့်ကြည့်ရေးလုပ်ငန်းများ ဆွေးနွေးလိုပြီး အပစ်ရပ် စောင့်ကြည့်ရေး (JMC) အစည်းအဝေး တက်၊ မတက်ကို ပြန်လည် သုံးသပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည့်အဖွဲ့ဖြစ်သည်။

ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) အဖွဲ့ကလည်း အပစ်ရပ်စာချုပ် (NCA) ကို လက်မှတ် ထိုး၊ မထိုးကို တွေ့ဆုံဆွေးနွေးနေဆဲ အဖွဲ့ဖြစ်ပြီး လက်ရှိအချိန်ထိ လက်မှတ်ထိုး၊ မထိုး သဘောထား အတိအကျကို မသိရှိရသေးပေ။

လက်ရှိတွင် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာသဘောတူ စာချုပ် NCA ကို ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချူပ် (PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြု တပ်မတော် (DKBA)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင် ငြိမ်းချမ်းရေးကောင်စီ (KNLA/PC)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) အဖွဲ့များ လက်မှတ်ရေးထိုးထားသည်။

J-08