News

POST TYPE

POLITICAL

ကြားဖြတ်ရွေးကောက်ပွဲနှင့် ရှော့ခ်သုံးခု
12-Nov-2018
၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲသည် နည်းနည်းတော့ ထူးဆန်းသည်။ အဘယ်ကြောင့်ဆိုသော် ရွေးကောက်ပွဲမတိုင်မီ ရက်များ၌ ကြားဖြတ်နှင့်ပတ်သက်ပြီး လူအများကြား အတော်ပင် သွေးအေးလှသည်။ သို့သော် ရွေးကောက်ပွဲ အမှန်တကယ် ကျင်းပသည့်နေ့တွင်မူ စိတ်ဝင်စားမှုက အရှိန် တက်လာသည်။ ထိုအရှိန်သည် ရွေးကောက်ပွဲရလဒ်များ သိလိုက်ရပြီးချိန်၌ အမြင့်ဆုံးရောက်လာခဲ့သည်။ ဟိုနေရာသွားလည်း ရွေးကောက်ပွဲရလဒ်အကြောင်း၊ ဒီနေရာသွားလည်း ရွေးကောက်ပွဲအကြောင်း နေရာအနှံ့ပင် ကြားနေရသည်။ ရှောင်၍မလွတ်လောက်အောင်ပင် ဖြစ်သည်။ ရွေးကောက်ပွဲညှို့ဓာတ်သည် ပြိုင်ဆိုင်ရသော နေရာအနည်းငယ်ပင် ဖြစ်လင့်ကစား တစ်နိုင်ငံလုံး ပြောမဆုံးနိုင်အောင် ဖြစ်သွားခဲ့ရသည်။ အဘယ်ကြောင့်နည်း။

၂၀၁၅ ခုနှစ် ပြည်လုံးကျွတ်ရွေးကောက်ပွဲကြီးအပြီး ကြားဖြတ်ရွေးကောက်ပွဲ နှစ်ကြိမ်ကျင်းပခဲ့သည်။ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတို့ ဖြစ်ကြသည်။

ယခု ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ၌ သောင်ပြိုကမ်းပြိုနိုင်ခဲ့သည့် NLD ပါတီက လစ်လပ်နေရာ ၁၃ နေရာစလုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အတိုက်အခံပါတီဖြစ်သော USDP (ပြည်ခိုင်ဖြိုး) ပါတီက ၁၀ နေရာသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ရွေးကောက်ပွဲအပြီးတွင် နေရာစုံ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် NLD ပါတီက နေရာအများဆုံး ၇ နေရာအနိုင်ရခဲ့ပြီး USDP ပါတီက ၃ နေရာ အနိုင်ရရှိခဲ့သည်။ သာမန်အားဖြင့် အကဲခတ်ရင်မူ NLD က နေရာအပြတ်အသတ် ပြိုင်ဘက်ပါတီကို အလဲထိုးနိုင်ခဲ့သည် ထင်ရသော်လည်း တကယ် စစ်စစ်တွင်မူ ထိုသို့မဟုတ်ချေ။

၂၀၁၈ ကြားဖြတ်၌ ၇ နေရာ အနိုင်ရရှိခဲ့သည့် NLD ပါတီသည် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ၁၁ နေရာအထိ အနိုင်ယူခဲ့သည်။ ယခု ၇ နေရာသာ အနိုင်ရရှိခဲ့သည့်အတွက် ယခင်ကာလနှင့်ယှဉ်ရင် ၄ နေရာ ဆုံးရှုံးသွားသည်ဟု ဆိုနိုင်သည်။

ထို့ထက် ၂၀၁၅ ရွေးကောက်ပွဲတွင် အလဲအကွဲ ရှုံးနိမ့်ခဲ့အပြီး ၂၀၁၇ ကြားဖြတ်ရွေးကာက်ပွဲတွင်လည်း ၁ နေရာသာ အနိုင်ရရှိခဲ့သည့် USDP ပါတီက ၃ နေရာအထိ အနိုင်ရရှိခဲ့ခြင်းမှာ အတော်ပင် စိတ်ဝင်စားဖွယ် ဖြစ်သည်။ ပြည်သူအများစု၏ စိတ်သန္တာန်ဝယ် USDP ပါတီကို အာဏာ နိုင်ငံရေးဇာတ်ခုံထက်သို့ ပြန်မလာစတမ်း ဖြစ်သွားပြီဟု ထင်မှတ်ထားကြသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်၏ အမွေဖြစ်သော တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီကဲ့သို့ သမိုင်းထဲသို့ တိုးဝင်မှေးမှိန်စပြုပြီဟု သဘောပေါက်ထားကြသည်။ သို့သော် ၂၀၁၈ ကြားဖြတ်က ထိုထင်မြင်ချက်များက သံသယဝင်စရာရှိလာသည်။

ယင်းအကြောင်းတရားများသည် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကို လူထုစိတ်ဝင်စားစေသော အကြောင်းများပင်ဖြစ်သည်။

ယေဘုယျအားဖြင့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲသည် NLD ပါတီနှင့် ပြည်သူများအတွက် ရှော့ခ်သုံးခုကို ဖန်ဆင်းပေးခဲ့သည်။

ပထမရှော့ခ်မှာ ရန်ကုန်တိုင်းဆိပ်ကမ်းတွင် ပေါ်သည်။ ထိုနေရာသည် ၁၉၉၀ ရွေးကောက်ပွဲရော ၂၀၁၅ ရွေးကောက်ပွဲပါ NLD က အနိုင်ယူခဲ့သည်။ ဒီတစ်ကြိမ်တွင် ထင်မှတ်မထားဘဲ ပြိုင်ဘက်ပါတီကို အရှုံးပေးလိုက်ရသည်။ သည်အတွက် အကြောင်းအရင်း အမျိုးမျိုးကို ကြားရသည်။ အထူးသဖြင့် ရွေးကောက်ပွဲမဲဆွယ်စဉ်ကာလမှ NLD ကိုယ်စားလှယ်လောင်း၏ ကလေးသမဂ္ဂဟူသောအသံက ညံနေသည်။ ထိုအသံသည် ရွေးကောက်ပွဲ၌ တစ်နည်းတစ်ဖုံ သက်ရောက်သွားဟန်တူသည်။ NLD ကိုယ်စားလှယ်လောင်း၏ မဲဆွယ်သံကို အများသိအောင် ပဲ့တင်ထပ်သည်မှာ မီဒီယာတစ်ခုဖြစ်သည်။

ပထမရှော့ခ်မှာ NLD ပါတီ အစိုးရတာဝန်ယူပြီးနောက် အတိုက်အခံ ဘဝတစ်လျှောက်လုံး အလွန်းသင့်ခဲ့သည့်မီဒီယာနှင့် ဆက်ဆံရေး အေးခဲသွားသည့် အကြောင်းအရင်းလည်း ဖြစ်နိုင်သည်။

ဒုတိယရှော့ခ်မှာ တိုင်းရင်သားများနှင့် မဟာမိတ်ဆက်ဆံရေး မခိုင်မာခြင်းကြောင့် ပေါ်လာဟန်တူသည်။ ကချင်ပြည်နယ်၌ ပြိုင်ဘက်၏ အလဲထိုးခြင်း ခံလိုက်ရသည်။

တတိယရှော့ခ်မှာ ပထမရှော့ခ်နှင့် ဒုတိယရှော့ခ်တို့ထက် ပိုမိုပြင်းထန်သည်။ သက်ရောက်မှု ပိုမိုနက်ရှိုင်းသည်။ တတိယရှော့ခ်မှာ လူအများစု ဝေဖန်နေကြသလို NLD ပါတီ ၂၀၁၅ ကဲ့သို့ သောင်ပြိုကမ်းပြို အနိုင်မရခြင်းသည် မဲပေးသူနည်းပါးခြင်း Voter Turnout ကြောင့်ဟု တပ်အပ်စွပ်စွဲ၍ မရ။ ထိုထက် ပိုမိုနက်နဲသည်။ တတိယရှော့ခ်သည် တမူးရှော့ခ်ပင်တည်း။

တမူးမြို့နယ် ရွေးကောက်ပွဲဟု ခြုံငုံခေါ်နေကြသည့်တိုင် အမှန်တော့ တမူးမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နေရာသာ ဖြစ်ပါသည်။ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ယင်းနေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဇကာလ်ခါးမာ (ခ) ဦးအောင်ရွှေ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးရိုထန်းပွီးယာ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအွန်ခိုထန်း (ခ) ဦးချစ်မောင်၊ ဇိုတိုင်းရင်းသားဒေသ ဖွံ့ဖြိုးရေးပါတီမှ ဦးဇမ်းကဲမ်မန်တို့ ယှဉ်ပြိုင်ခဲ့ကြသည်။ ရလဒ်က အားလုံး သိပြီး ဖြစ်ကြပါလိမ့်မည်။ USDP ပါတီက ပြိုင်ဘက်များကို အပြတ်အသတ် ကျော်ဖြတ်နိုင်ခဲ့သည်။

ထူးခြားသည်မှာ USDP ၏ အသာစီးရပုံပင်ဖြစ်သည်။ တမူး မဲဆန္ဒနယ်မြေသည် ၂၀၁၅ ရွေးကောက်ပွဲ၌ NLD ပါတီ ဗိုလ်စွဲခဲ့သောနေရာဖြစ်သည်။ သို့တိုင် ထိုအချိန်ကတည်းက အနိုင်သည် မပြတ်သားခဲ့ပေ။ NLD ပါတီက မဲ ၈၅၀၀ ဝန်းကျင်ရခဲ့ပြီး ဒုတိယနေရာမှ USDP ပါတီက မဲ ၂၀၀ ဝန်းကျင်နှင့် ကပ်ရှုံးခဲ့ရသည်။

သည်တစ်ခါတွင်မူ USDP က တစ်ကျော့ပြန် အနိုင်ရလာခဲ့သည်။ NLD နိုင်စဉ်ကလို ပွတ်ကာသီကာလေးမဟုတ်။ မဲပေါင်း ၄၀၀၀ ဝန်းကျင် ကွာဟ၍ အနိုင်ယူခဲ့ခြင်းဖြစ်သည်။ USDP က ဆန္ဒမဲပေါင်း တစ်သောင်းကျော်ရရှိခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရပါတီက မဲပေါင်း ခြောက်ထောင်ကျော်သာရရှိခဲ့သည်။ သဘောတရားအားဖြင့်လည်း USDP က အရင်ရပြီးသား ထောက်ခံမဲ ၈၀၀၀ ကျော် ထိန်းထားနိုင်ရုံမက နောက်ထပ် မဲ ၂၀၀၀ ရရှိအောင် စည်းရုံးနိုင်ခဲ့သည်။ ဆန့်ကျင်ဘက်ဆိုသလို NLD က ကြားဖြတ်တွင် ထောက်ခံမဲတိုးအောင် မလုပ်ဆောင်နိုင်သလို ရှိပြီးရပြီး မဲ ၈၀၀၀ ကျော်ကိုလည်း မထိန်းနိုင်ခဲ့ပေ။ မည်သည့်အကြောင်းများက ဤမျှအထိ ကွာဟစေခဲ့သနည်း။

၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲနှင့်ပတ်သက်၍ လေ့လာသုံးသပ်သူများထံမှ တူညီသောမှတ်ချက်တစ်ခု ထွက်လာသည်။ မဲလာပေးသူ အရေအတွက် အလွန်ကျဆင်းသည်ဟူသောအချက်ပင် ဖြစ်သည်။ အမှတ်တကယ်တွင်လည်း သူတို့ ထောက်ပြသလိုပင်။ ယခုကြားဖြတ်ရွေးကောက်ပွဲ၌ မဲပေးခွင့်ရသူ ၈ သိန်းကျော်ရှိသည့်အနက် သုံးသိန်းဝန်းကျင်သာ မဲလာပေးသည်ဟု သတင်းများ၌ဖတ်ရသည်။ သို့သော် တမူးရွေးကောက်ပွဲတွင်မူ Voter Turnout ဟူ၍ ပုံစံဘောင်ထည့်၍ တပ်အပ်ပြောမရပေ။

၂၀၁၅ ရွေးကောက်ပွဲကြီး၌ တမူး အမှတ် ၂ မဲဆန္ဒနယ်တွင် မဲပေးခွင့်ရှိသူ ၃၂၀၀၀ ကျော်ရှိသည့်အနက် မဲလာပေးသူ ၂၂၀၀၀ ကျော်ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၇၁ ရာခိုင်နှုန်းကျော်ရှိသည်။ လက်ရှိကြားဖြတ်ရွေးကောက်ပွဲတွင်မူ မဲပေးခွင့်ရသူ ၃၅၀၀၀ ကျော်ရှိသည့်အတွက် အရင်ရွေးကောက်ပွဲနှင့်ယှဉ်လျှင် မဲပေးနိုင်သူ ၃၀၀၀ ခန့်တိုးလာသည်။ အမှန်တကယ် မဲလာပေးသူမှာ ၂၀၀၀၀ ကျော်ရှိ၍ ရာခိုင်နူန်းအားဖြင့် ၅၈ ရာခိုင်နှုန်း ခန့်ရှိသည်။ ရာခိုင်နူန်းအားဖြင့် ၁၃ ရာခိုင်နှုန်းသာ ကွာသည်ကို တွေ့ရသည်။ သို့ဖြစ်ရာ အခြားသောမဲဆန္ဒနယ်များတွင် မဲပေးသူ သိသာစွာ ကျဆင်းလာသော်လည်း တမူးတွင်မူ ဤသို့ ပြောမရတော့ပေ။ ထို့ကြောင့် မဲလာပေးသူ နည်းသောကြောင့် တမူး၌ NLD ရှုံးရပါသည်ဆိုသော အကြောင်းပြချက်မှာ ခိုင်လုံသည်ဟု ဆို၍မရနိုင်ပေ။

NLD ပါတီ ၂၀၁၅ ရွေးကောက်ပွဲကြီးကဲ့သို့ ယခုကြားဖြတ်တွင် သောင်ပြိုကမ်းပြို အနိုင်မရခြင်းနှင့်စပ်လျဉ်း၍ လူပြောသူပြောများသော သုံးသပ်ချက်တစ်ခုလည်း ရှိပါသေးသည်။ ယင်းမှာ တိုင်းရင်းသားပါတီများနှင့် မဟာမိတ်ဆက်ဆံရေး မရှိဟူသောအချက် ဖြစ်သည်။ ထိုထောက်ပြချက်သည် မြစ်ကြီးနားမဲဆန္ဒနယ်အတွက် အနာနှင့်ဆေးတည့်သော်လည်း တမူးအတွက်မူ ဆေးမတိုးပါချေ။

တမူး အမှတ် ၂ မဲဆန္ဒနယ်အတွက် တိုင်းရင်းသားပါတီ နှစ်ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်တိုင် ယင်းပါတီနှစ်ခုရရှိသော မဲအရေအတွက်မှာ ၂၅၀၀ ဝန်းကျင်သာရှိသည်။ သို့ဖြစ်ရာ NLD ပါတီရရှိသော ဆန္ဒမဲများနှင့် ပေါင်းကြည့်လိုက်မည်ဆိုပါက စုစုပေါင်း မဲ ၈၅၀၀ ကျော်သာ ရှိသည့်အတွက် USDP ၏ မဲပေါင်း ၁၀၀၀၀ ကျော်ကို မမီသေးသည်ကို တွေ့ရသည်။

နောက်ထပ် လက်ရှိအာဏာရပါတီ ရှုံးနိမ့်ရခြင်း၏ မထင်ရှားသော အကြောင်းပြချက်တစ်ခုလည်း ရှိနေသည်။ လူမျိုး၊ ဘာသာနှင့် သက်ဆိုင်သည့် သုံးသပ်ချက်ဖြစ်သည်။ တမူးမြို့နယ်တွင် လူဦးရေအများစုမှာ ချင်းနှင့် ဗမာတိုင်းရင်းသားများ ဖြစ်ကြသည်။ ကိုးကွယ်ရာဘာသာတွင်လည်း ဗုဒ္ဓဘာသာ ၅၀၀၀၀ ကျော်ရှိပြီး ခရစ်ယာန်ဘာသာဝင် ၅၀၀၀၀ နီးပါးရှိသည်ကို တွေ့ရသည်။

သို့သော် ပါတီနှစ်ခုစလုံး၏ ကိုယ်စားလှယ်နှစ်ဦးစလုံးမှာ လူမျိုး၊ ဘာသာ သိသာစွာ မကွာလှပေ။ ထို့ကြောင့် ရွေးကောက်ပွဲရလဒ်နှင့် လူမျိုးဘာသာကြား ဆက်စပ်မှု နည်းပါးလှသည်ဟု ဆိုနိုင်သည်။

အချို့လေ့လာသူများ သုံးသပ်ကြသောအချက်တစ်ခုကတော့ စိတ်ဝင်စားဖွယ်ကောင်းသည်။ သူတို့က ယခုရွေးကောက်ပွဲ အနိုင်အရှုံးသည် တိုင်းအစိုးရ၏ လုပ်ရည်ကိုင်ရည်နှင့် အဓိကသက်ဆိုင်နေသည်ဟု မှတ်ချက်ပေးကြသည်။ ထိုသုံးသပ်ချက်မှာမူ ငြင်း၍မရနိုင်ပေ။ အကြောင်းမှာ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကို တိုင်းကြီးလေးတိုင်းတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး မန္တလေးတိုင်းနှင့် မကွေးတိုင်းတို့၌ NLD ပါတီက ပြိုင်ဘက်များကို နောက်ကောက်ချနိုင်ခဲ့သည်။ သို့သော် ရန်ကုန်တိုင်းနှင့် စစ်ကိုင်းတိုင်းတွင်မူ အရေးမလှဖြစ်ခဲ့ရသည်။ မန္တလေးတိုင်း၌ တိုင်းရင်းသားနေရာ အပါအဝင် သုံးနေရာစလုံး အနိုင်ရသည်မှာ ထူးခြားချက်တစ်ခုဖြစ်သည်။

ထို့အပြင် ၂၀၀၈ အခြေခံဥပဒေအရလည်း ပြည်ထောင်စုအစိုးရမှာ ပါတီနှင့် သီးခြားစီနေရသည့်အတွက် ပါတီတို့၏စွမ်းရည်သည် ပြည်နယ်နှင့် တိုင်းအစိုးရများ၏ လုပ်ပုံကိုင်ပုံနှင့် အဓိက ဆက်စပ်နေပါသည်။ ထို့ကြောင့် ထိုသုံးသပ်မှုသည် ရွေးကောက်ပွဲရလဒ်နှင့် ဆီလျော်သည်ဟု ဆိုနိုင်သည်။

ဤသို့ဆိုလျှင် ကြားဖြတ်အရှုံးသည် တိုင်းအစိုးရများ၏ လုပ်ရည် ကိုင်ရည်တည်းဟူသော အကြောင်းပြချက်တစ်ခုတည်းကြောင့်ပဲလား မေးဖို့ ရှိလာသည်။ ယင်းအကြောင်းပြချက်သည် မှန်ကန်သော်လည်း မလုံလောက်ပါ။

ရွေးကောက်ပွဲရလဒ်သည် ပါတီများ၏ စွမ်းရည်နှင့်အဓိက သက်ဆိုင်နေပါသည်။ ယေဘုယျအားဖြင့် ပါတီများကို အလွှာသုံးခုဖြင့် ဖွဲ့စည်းထားသည်။ ပထမအလွှာမှာ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး အဝန်းအဝိုင်းများသို့ ဝင်ရောက်သွားကြသည့်အလွှာ ဖြစ်သည်။ ဒုတိယအလွှာမှာ ပထမအလွှာနှင့် တတိယအလွှာကြား တည်ရှိနေသူများဖြစ်သည်။ ယင်းအလွှာတွင် ရပ်ကျေးပါတီခေါင်းဆောင်များ၊ မြို့နယ်၊ ခရိုင်နှင့် ဗဟိုခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည်။ တတိယအလွှာမှာ အောက်ခြေအလွှာဖြစ်သည်။ ယင်းအလွှာတွင် ရပ်ကျေးပါတီဝင်များဖြင့် ဖွဲ့စည်းထားပြီး လူထုနှင့် တိုက်ရိုက်ထိတွေ့နေရသူများ ဖြစ်သည်။

ပါတီတစ်ခု အားကောင်း၊ မကောင်းကို ယင်းအလွှာသုံးခု ခိုင်မာဆက်စပ်ခြင်း ရှိမရှိနှင့် တိုင်းတာကြသည်။ သို့ဖြစ်ရာ ယခု တမူးရလဒ်အဖြေသည် ပါတီ၏ အလွှာသုံးခု ဆက်ဆံရေး၊ ခိုင်မာခြင်းများနှင့် သက်ဆိုင်နေပါလိမ့်မည်။

တမူးရွေးကောက်ပွဲ မဲပေးပုံနှင့်စပ်လျဉ်း၍ လက်လှမ်းမီသမျှ ဒေသခံအချို့ကို မေးမြန်းကြည့်ရာ သူတို့ ယခုလို ဖြေကြသည်။ ဒေသခံအများစုက အမေစုကို လေးစားယုံကြည်ကြောင်း ပြောပြကြသည်။ သို့သော် ရွေးကောက်ပွဲတွင်မူ ပါတီထက် လူကို အဓိကထားကြည့်၍ မဲပေးခဲ့ကြောင်း ဆိုကြသည်။

ထိုသို့ဖြစ်ရာ ၂၀၁၅ ရွေးကောက်ပွဲက ရေပန်းစားခဲ့သာ ကြွေးကြော်သံဖြစ်သည့် လူကိုမကြည့်နဲ့၊ ပါတီကိုကြည့်ဟူသော ဆောင်ပုဒ်သည် နောက်ရွေးကောက်ပွဲများတွင် အလုပ်ဖြစ်ဖို့ ခက်လာမည်မှာ သေချာနေပေသည်။) တစ်ခါက အလုပ်ဖြစ်ခဲ့သော ကြွေးကြော်သံမှာ နိဂုံးချုပ်ပြီဟု ယတိပြတ် မဆိုနိုင်သော်လည်း နေညိုချိန်ရောက်ပြီဟု ဆိုနိုင်သည်။ ထို့ကြောင့် ပါတီများအနေနှင့် ကိုယ်စားလှယ်လောင်းရွေးချယ်ရေးကို ယခုအချိန်ကတည်းက အစီအမံများ စဉ်းစားထားသင့်ပြီ ဖြစ်ပါသည်။

မည်သို့ပင်ဖြစ်စေ ကြားဖြတ်ရွေးကောက်ပွဲသည် ရှော့ခ်သုံးခုကို မွေးထုတ်ပေးခဲ့သည်။ ယင်းရှော့ခ်တို့သည် NLD နှင့် USDP ပါတီနှစ်ခု အပေါ် အကျိုးသက်ရောက်မှုနှစ်ခုကို ထပ်ဆင့် ပြန်လည်မွေးထုတ်သည်။ USDP အဖို့ တမူးရလဒ်ကိုကြည့်ပြီး ဆောင်ရန်အချက်ကို ရယူနိုင်သလို NLD အဖို့လည်း ဆောင်ရန်သင်ခန်းစာများ အများကြီး ရရှိသွားသည်။

ပါတီနှစ်ခု ယင်းသို့ပြုပြင် ပြိုင်ဆိုင်သွားခြင်းဖြင့် နောက်ဆုံးအမြတ် ရရှိသွားနိုင်သူများမှာ ပြည်သူများဖြစ်သည်။ ထို့ကြောင့် ကြားဖြတ်ရွေးကောက်ပွဲ ရှော့ခ်သုံးခုသည် ဒီမိုကရေစီအတွက်လည်းကောင်း၊ ပြည်သူများအတွက်လည်းကောင်း လာခြင်းကောင်းသောရှော့ခ်တို့ ဖြစ်ပေတော့သည်။

နိုင်စိုး