News

POST TYPE

POLITICAL

ကချင်နှင့် ရှမ်းမြောက်မှ စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေး အီးယူက ကျပ် ၂၁ သန်းကျော် ထောက်ပံ့
08-Nov-2018


မြစ်ကြီးနား၊ နိုဝင်ဘာ ၇

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ စစ်ဘေးရှောင်များနေရပ် ပြန်နိုင်ရေးနှင့် ပြန်လည်နေရာချထားရေးအတွက် အီးယူက ကျပ် ၂၁ သန်းကျော်ထောက်ပံ့မည်ဖြစ်ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

ယင်းထောက်ပံ့ငွေသည် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး စီမံကိန်း ဒုတိယပိုင်းစတင်ခြင်းအတွက် အီးယူက ယူရိုငွေ ၁၂ သန်း (မြန်မာကျပ်ငွေ ၂၁ ဒသမ ၈ ဘီလီယံ) ထောက်ပံ့မည်ဖြစ်ပြီး အဆိုပါစီမံကိန်းကို ယခုနှစ်အတွင်းမှစ၍ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ဆောင်ရွက်မည်ဖြစ်ကြောင်း စီမံကိန်း၏ ညွန့်ပေါင်းအဖွဲ့အစည်းများထံမှ စုံစမ်းသိရှိရသည်။

အဆိုပါစီမံကိန်းသည် ကချင်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ ပဋိပက္ခခံစားနေရသော ပြည်သူများနှင့် စစ်ရှောင်များကို ကာလကြာ ဖြစ်ပွားခဲ့သော ပဋိပက္ခများ၏ သက်ရောက်မှုများကို တုံ့ပြန်နိုင်ရန် စွမ်းရည်မြှင့်တင်ပေးမည်ဖြစ်ပြီး စစ်ရှောင်များနေရပ်ပြန်နိုင်ရေးနှင့် ပြန်လည် နေရာချထားရေးတို့အတွက် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် အမျိုးသမီးများကို စွမ်းရည်မြှင့်တင်ပြီး ကျား၊ မ အခြေပြု အကြမ်းဖက်မှုများ၏ အကျိုးဆက်များကို လျှော့ချနိုင်ရန်အတွက် ဆောင်ရွက်မည်ဖြစ်ကြောင်း စီမံကိန်းဆိုင်ရာတာဝန်ရှိသူများထံမှ သိရသည်။

ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး စီမံကိန်း ဒုတိယပိုင်းစတင်ခြင်း အခမ်းအနားကို နိုဝင်ဘာလ ၇ ရက်နေ့က မြစ်ကြီးနား မြို့ City Park Royal ခန်းမတွင် ပြုလုပ်ခဲ့ပြီး ယင်းအခမ်းအနားသို့ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဘက်အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ် Mr. Kristian Schmidt နှင့် စီမံကိန်း၏ ညွန့်ပေါင်းအဖွဲ့အစည်းများ တက်ရောက်ခဲ့သည်။

အဆိုပါ စီမံကိန်းသည် ကချင်ပြည်နယ်အတွင်း အဓွန့်ရှည်တည်တံ့သော ငြိမ်းချမ်းရေး၊ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် ဥရောပသမဂ္ဂ၏ အခရာကျသော စီမံကိန်းတစ်ခုဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၌ ပြုလုပ်ခဲ့သည့် သုံးနှစ်ကျော်ကြာကာလတွင် ပဋိပက္ခဒဏ် ခံစားနေရသည့် ပြည်သူ ၈၅၀၀၀ ကျော်ကို ကူညီပံ့ပိုးပေးနိုင်ခဲ့ကြောင်း မြန်မာ နိုင်ငံဆိုင်ရာ အီးယူသံအမတ်ကြီး Mr. Kristian Schmidt က ပြောကြားသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဝေးလံသော နေရာဒေသများကို လက်လှမ်းမီရောက်ရှိနိုင်စေရန် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်း ၇ ဖွဲ့တို့ပါဝင်သော ညွန့်ပေါင်းအဖွဲ့နှင့်အတူ ဒေသခံ အရပ်ဘက် အဖွဲ့အစည်း ၂၅ ဖွဲ့ကျော်ဖြင့် စီမံကိန်းကို အကောင်အထည် ဆောင်ရွက်လျက်ရှိသည်။

ပြီးခဲ့သည့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးစီမံကိန်း ပထမပိုင်းကို ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် ၁၂ မြို့နယ်တွင် ပြုလုပ်ခဲ့ပြီး ဥရောပသမဂ္ဂမှ ယူရိုငွေ ၇ သန်း (မြန်မာကျပ်ငွေ ၁၂ ဒသမ ၆ ဘီလီယံ) ထောက်ပံ့ပေးခဲ့ကြောင်း ယင်းအဖွဲ့အစည်းထံမှ သိရသည်။

R-06