News

POST TYPE

POLITICAL

ကြားဖြတ်အဖြေရဲ့ နောက်ကွယ်က မျှော်တွေးကြည့်တဲ့ ၂၀၂၀ အလွန်ကာလ
07-Nov-2018
နိုဝင်ဘာ ၃ ရက် ကြားဖြတ်ရွေးကောက်ပွဲရဲ့ရလဒ်ကိုတော့ အားလုံးလည်း သိကြပြီးလောက်ပြီထင်လို့ ထပ်မပြောတော့ပါဘူး။ ဒီရလဒ်ကလည်း နိုင်ငံရေးလေ့လာသူတွေအကြားမှ မှန်းဆထားတဲ့အဖြေနဲ့ အနီးစပ်ဆုံး တူညီနေခဲ့ပါတယ်။ မှန်းဆထားချက်တွေ ဆိုတာကတော့ “ရွေးကောက်ပွဲတွေအပေါ် စိတ်ဝင်စားမှု နည်းလာမှာ၊ စိတ်ဝင်စားလို့ မဲပေးသူတွေအနေနဲ့လည်း ပါတီကိုမကြည့်ဘဲ လူကိုပဲကြည့်ပြီးရွေးကြမှာ၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲတွေပျံ့သွားနိုင်မှာ၊ ဒီအတွက် ၂၀၂၁ ဖေဖော်ဝါရီလဆန်းမှာ ပြန်စမယ့်လွှတ်တော်မှာ ပြန်ဖွဲ့စည်းမယ့် ပါတီစုံ ဒီမိုကရေစီစနစ်ရဲ့ တတိယမြောက်အစိုးရဟာ တစ်ပါတီတည်းကပဲ မဲအသာစီးရပြီး ဖွဲ့စည်းထားတဲ့ပုံစံက ကွဲထွက်ပြီး ပါတီစုံနဲ့ပေါင်းဖွဲ့ကြမယ့် ညွှန့်ပေါင်းအစိုးရဆန်ဆန်ဖြစ်လာမှာ...”စတဲ့ ကြိုတင်မှန်းဆချက်တွေပဲ ဖြစ်ပါတယ်။

ဒီလိုသာဖြစ်လာမယ်ဆိုရင်တော့ ဒါဟာ နိုင်ငံရေးပါတီတွေ (ယခုအင်အားကြီးပါတီနှစ်ခုဖြစ်တဲ့ အာဏာရ NLD ပါတီအပါအဝင် USDP ပြည်ခိုင်ဖြိုးပါတီနှင့် အခြား ပါတီတိုင်းရင်းသားပါတီများ)အတွက်တော့ ရလဒ်တွေ မကောင်းဖြစ်ကြပေမယ့် နိုင်ငံတော်နဲ့နိုင်ငံသားတွေ၊ ယခုကျင့်သုံးနေတဲ့ ပါတီစုံဒီမိုကရေစီစနစ်နဲ့ ရေရှည်ခိုင်မာမှုတွေအတွက်တော့ ဒါဟာ ကောင်းမွန်တဲ့အလားအလာလို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပါတီစုံဒီမိုကရေစီစနစ်နဲ့အညီ အစိုးရအဖွဲ့ထဲမှာ ပါတီအစုံပါလာမယ်၊ ကိစ္စတစ်ခုကိုလုပ်တဲ့အခါ ပါတီတစ်ခုတည်းကပဲ ဆုံးဖြတ်လုပ်ကိုင်တာမျိုးတွေ ဖြစ်မလာနိုင်တော့ဘဲ ဝိုင်းဝန်းဆွေးနွေးပြီးမှ ချမှတ်လာတတ်မယ်၊ လွှတ်တော်အတွင်း မဲခွဲတဲ့ကိစ္စတွေမှာ ယခင့်ယခင်က ပုံစံလမ်းကြောင်းကနေ ခွဲထွက်ပြီး အနှစ်သာရအပိုင်းကို သွားတတ်၊ မဲပေးတတ်လာပြီး ရလဒ်ကောင်းတွေ ထွက်ပေါ်လာမယ်၊ ဗျူရိုကရေစီယန္တရားထဲမှာ အုပ်ချုပ်ရေးဆိုင်ရာအမိန့်တွေ ထုတ်ပြန်တဲ့အခါမျိုးမှာ တစ်ပါတီတည်းကပဲ ကြီးစိုးပြီး အာဏာရှင်ဆန်ဆန် ထုတ်ဆင့်ပြောဆိုကြမယ့်ကိစ္စမျိုးတွေ နည်းပါးလာမယ်၊ လွှတ်တော်နဲ့ အုပ်ချုပ်ရေးအဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့နဲ့ တရားရေး၊ တရားရေးနဲ့ လွှတ်တော်အကြားမှာ အပြန်ပြန် အလှန်လှန် ထိန်းကျောင်းမှုစနစ်တွေ ကောင်းမွန်လာမယ်၊ ဒီလိုဆိုမှသာ ဒီမိုကရေစီ စနစ်ခိုင်မာပြီး ရေရှည်ရင့်သန်ဖြစ်တည်လာမယ်ဆိုတဲ့ စတဲ့အချက်တွေကြောင့်ပဲ ကောင်းမွန်တဲ့အလားအလာလို့ ဆိုခဲ့ရခြင်းဖြစ်ပါတယ်။

ဒီပုံစံ၊ ဒီလိုဖွဲ့စည်းမှုဟာ ဂျာမနီဖက်ဒရယ်ပြည်ထောင်စုရဲ့ ယနေ့လက်ရှိ လက်ခံကျင့်သုံးဖွဲ့စည်းဆောင်ရွက်နေတဲ့ပုံစံ၊ မူတစ်ခုပဲ ဖြစ်ပါတယ်။ ဂျာမနီဟာ သူတို့ရဲ့ ဒုတိယကမ္ဘာစစ်မတိုင်မီက ကြုံခဲ့ရတဲ့ သမိုင်းကြောင်းအတွေ့အကြုံအရ ဒီမိုကရေစီစနစ်ပျက်သုံးမှုရဲ့အစဟာ ပါတီတစ်ခုတည်းကပဲကြီးစိုးပြီး အာဏာရှင်ဆန်ဆန် ဆောင်ရွက်မှုတွေကြောင့်လို့ လက်ခံယုံကြည်ထားတဲ့နိုင်ငံဖြစ်ပါတယ်။ သူတို့ဟာ ယခင်ကတည်းက ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ကြပေမယ့် အဒေါ့ဟစ်တလာဆိုတဲ့ လွှတ်တော်အတွင်းက ဒီမိုကရေစီပါတီဝင် အမတ်တစ်ယောက်က စခဲ့တဲ့ဇာတ်လမ်းကြောင့် အာဏာရှင်စနစ်ကို တွန်းပို့ရောက်ရှိသွားခဲ့ပြီး နောက်ဆုံးတော့ သူတို့တိုင်းပြည်ဟာ ပြာပုံဘဝနဲ့ စစ်ရှုံးနိုင်ငံတစ်ခုအတွင်းကို သက်ဆင်းခဲ့ရတယ်။ ဒီအတွက်ပဲ အခုဆိုရင် သူတို့သမိုင်းမှာ အာဏာရှင် ဟစ်တလာရဲ့သမိုင်းကို လုံးဝ ဖျောက်ဖျက်ထားပြီး ပါတီစုံစနစ်ကိုကျင့် သုံးပေမယ့်လည်း တစ်ပါတီတည်းကပဲ မဲအသာစီးနဲ့ အစိုးရဖွဲ့ခွင့်ရရှိနေပါစေဦးတော့ သူတို့ဘာသာမဖွဲ့ဘဲ ညွှန့်ပေါင်းသာ ဖွဲ့စည်းခဲ့ကြတယ်။ ပေါင်းစည်းတိုင်ပင်ကြတယ်၊ ပေါင်းစည်းဆုံးဖြတ်ကြတယ်၊ သူတို့ပြည်နယ် ၁၆ ခု ပြည်နယ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်တဲ့ ဖက်ဒရယ်စနစ် (Cooperative Federal System) ကို ကျင့်သုံးကြတယ်။

ဘာပဲလုပ်လုပ် သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ အဖွဲ့တွေ၊ မီဒီယာတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတို့နဲ့ အမြဲတွေ့ဆုံညှိနှိုင်းပြီးမှလုပ်တယ်။ ဒီအတွက် သူတို့ အစိုးရဟာ “မည်သည့်အခါမျှ ကြီးမားသောအမှားကို ပြုလုပ်ခြင်းမရှိသော အစိုးရ” (The government which did not do any major mistake) လို့ အများက မှတ်ချက်ပြုကြတာကို စာရေးသူကိုယ်တိုင် သွားရောက် လေ့လာသိရှိခဲ့ဖူးပါတယ်။ အထူးခြားဆုံး အချက်တစ်ခုကတော့ သူတို့လွှတ်တော်နဲ့ အစိုးရအဆောက်အအုံအနားမှာ သတင်းမီဒီယာကောင်စီရုံးကြီးကို ခမ်းခမ်းနားနား ဆောက်လုပ်ထားပေးပြီး ဘာလုပ်လုပ် သူတို့ကို အရေးတယူဖိတ်တာ၊ သူတို့ပြောချင်တဲ့ကိစ္စတွေဆို မီဒီယာကောင်စီရုံးထဲက ဟောထဲမှာ မီဒီယာတွေကို သွားပြောတာတွေ လုပ်ကြတယ်။ ဆိုလိုတာကတော့ မီဒီယာကိုအလေးထားပြီး သူတို့နိုင်ငံရေးပါတီတွေ၊ သူတို့အစိုးရတွေအတွက် ကောင်းစွာအသုံးချတတ်တာကို ပြောလိုရင်းဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းကြောင်းအရ နိုင်ငံရေးစနစ်တစ်ခု၊ အုပ်ချုပ်ရေးအဖွဲ့တစ်ဖွဲ့ဟာ ၁၅ နှစ်တစ်ကြိမ် ပြောင်းလဲတတ်တဲ့ အစဉ်အလာရှိခဲ့တာမို့ ဒီအချက်ဟာလည်း အတော်သတိထားပြီး လျှောက်လှမ်းကြရမယ့်ကိစ္စတစ်ခုထဲ ပါပါတယ်။ အခုကျင့်သုံးနေတဲ့ ပါတီစုံဒီမိုကရေစီ စနစ်ရဲ့သက်တမ်းဟာ အခုဆိုရင် ၈ နှစ်ထဲရောက်လာပြီဆိုတော့ နောက်အစိုးရသက်တမ်းတစ်ခုစာလောက်ဆိုရင် ဖရိုဖရဲ ပြိုကွဲယိုင်ချည့်သွားနိုင်မလားဆိုတာလည်း တွေးပူမိပါတယ်။ ဒီအတွက်ပဲ လာမယ့်အစိုးရသက်တမ်းတစ်ခုအကျော် ပါတီစုံဒီမိုကရေစီစနစ်ရဲ့ သက်တမ်း ၁၅ နှစ်ထဲမှာ မပြိုမကွဲဘဲ ဒီစနစ်ခိုင်မာအားကောင်းအောင် ယခုလက်ရှိလမ်းကြောင်းကနေပြောင်းပြီး ထိန်းကျောင်းကြရပါမယ်။ ယနေ့အချိန်က ကျွန်တော်တို့အထက်မှာ ဆွေးနွေးခဲ့သလို ပါတီစုံလို့သာ ပြောပေမယ့်လည်း ပါတီတစ်ခုတည်းကပဲ သူ့သဘောဆန္ဒနဲ့သူ အစိုးရဖွဲ့တာ၊ နိုင်ငံ့အရေးဆောင်ရွက်ကြတာတွေဟာ တဖြည်းဖြည်းနဲ့ အာဏာရှင်ဆန်လာနိုင်တာမျိုး၊ ဥပဒေပြု ရေးအဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့နဲ့ တရားစီရင်ရေးအဖွဲ့တွေအကြားမှာ ကွဲကွဲပြားပြား သတ်မှတ်ထားတဲ့ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေရှိမနေတာမို့ သူ့အလုပ်ကို အခြားသူကဝင်လုပ်၊ အခြားသူအလုပ်ကို သူကဝင်လုပ်နဲ့ဖြစ်နေတာမျိုး၊ တစ်ဖန် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အားနည်းချက်အကြားမှာ ဥပမာ - ဘတ်ဂျက်ရေးဆွဲရေး၊ စီမံကိန်းတစ်ခုတည် ဆောက်ရေးကိစ္စတွေကို အုပ်ချုပ်ရေးအဖွဲ့ (အစိုးရအဖွဲ့လို့ အများအခေါ်) သူတို့ကပဲ သူတို့သဘောနဲ့ စတင်ရေးဆွဲဆောင်ရွက်ကြတာမျိုး၊ ဥပဒေပြုရေးအဖွဲ့ဘက်က ထောက်ပြဝေဖန် ဆွေးနွေးနိုင်ရုံလောက်သာရနိုင်တာမျိုး စတဲ့လုပ်ငန်းတွေမှာ ဗဟိုအစိုးရမှာ ဆောင်ရွက်နေတာက တစ်ဖုံ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာကတစ်နည်း ဖြစ်နေတာမျိုးမို့ သမ္မတ ပြောစကားနဲ့ပြောရရင် ဒီမိုကရေစီတောင် ပျောက်သွားနိုင်မယ့် အလားအလာတွေရှိနေတာ အသေအချာ ဂဃနဏ လေ့လာကြည့်ရင် မြင်နိုင်ပါတယ်။

အခုလက်ရှိအနေအထားမှာတောင် အမည်မဖော်ပြလိုတဲ့ အထင် ကရ တိုင်းဒေသကြီးတစ်ခုမှာဆိုရင် ဝန်ကြီးချုပ်ကိုယ်တိုင်က လွှတ်တော်ဥက္ကဋ္ဌနေရာနဲ့ လွှတ်တော်ရဲ့ အုပ်ချုပ်ရေးကိစ္စတွေမှာတောင် ဝင်အမိန့်ပေးတာမျိုးတွေ ကြားနေရတာမို့ အထက်မှာပြောသလို ပါတီစုံဒီမိုကရေစီ စနစ်ရဲ့အခြေခံဖြစ်တဲ့ အပြန်ပြန်အလှန်လှန် ထိန်းကျောင်းခြင်းတွေ၊ ကိုယ်စားပြုခြင်းတွေ ပျောက်ဆုံးကြမလိုဖြစ်နေပြီး အခု ပါတီစုံဒီမိုကရေစီ သက်တမ်း ၇ နှစ် ၈ နှစ်လောက်အတွင်းမှာကို ဖရိုဖရဲဖြစ်နေပြီလားဆိုတာ တွေးဆစရာပါပဲ။ ဒါဟာ ဒီစနစ်ခိုင်မာမှုကို အလွန်အန္တရာယ်ပေးမယ့် ဖြတ်မျဉ်းတစ်ကြောင်းပါပဲ။ ရှင်ဘုရင် ဘယ်တာကထွက်သလဲဆိုရင် မင်းကြီးတာက ထွက်တယ်ဆိုတဲ့ စကားလို ပါတီစုံဒီမိုကရေစီစနစ်ကို ဘယ်သူက ဖျက်ကြမလဲဆိုရင် အဲ့ဒီစည်းအတွင်းက လုပ်ပိုင်ခွင့်အာဏာရှိတဲ့သူတွေကပဲ ပြန်ဖျက်ကြသလို ဖြစ်တတ်တာကို အထူးသတိချပ်ကြရမှာဖြစ်ပါတယ်။

နောက်တစ်ခုက ပါတီစုံဒီမိုကရေစီစနစ် ရေရှည်တည်တံ့ဖို့ အဟန့်အတားဖြစ်စရာတစ်ခုကတော့ မဲဆန္ဒရှင်တွေကိုယ်တိုင်ပါ။ ဒီလိုဘာကြောင့် ပြောရသလဲဆိုရင် ယခုလက်ရှိနိုင်ငံရေးပါတီတွေ၊ အာဏာရပါတီနဲ့ အစိုးရ၊ သူ့အောက်ကဌာနတွေရဲ့ ပြုမူလုပ်ကိုင်ဆောင်ရွက်မှုတွေအရ ဒီစနစ်ကို ကျင့်သုံးနေပေမယ့်လည်း ဖြစ်သင့်တဲ့အချိန်၊ ထိုက်သင့်တဲ့ကာလတစ်ခုမှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မလာဘူး၊ ငြိမ်းချမ်းရေးလည်းမရဘူး၊ အဂတိ တရားလည်းပိုကြီးစိုးလာမယ်၊ မူးယစ်ဆေးဝါးတွေလည်း မှိုလိုပေါမယ်၊ ဥပဒေစိုးမိုးမှုကလည်း မလောက်လေးမလောက်စား ဆက်ဖြစ်နေမယ်ဆိုရင် ဒီစနစ်နဲ့ ဒီအစိုးရဖွဲ့စည်းမှုပုံစံ၊ နောက်တစ်ခုက ရွေးကောက်ပွဲစနစ်ကို မဲဆန္ဒရှင်တွေ၊ အုပ်ချုပ်ခံလူတန်းစားပြည်သူတွေက သံသယမျက်လုံးနဲ့ စုံပြူးပြီး ကြည့်လာတတ်ပါတယ်။ ပါတီစုံဒီမိုကရေစီဆိုတာထက် အခု တရုတ်တို့၊ စင်ကာပူတို့မှာ ကျင့်သုံးနေတဲ့ နိုင်ငံရေးစနစ်ကပဲ ကောင်းမလား၊ အခြားဘာစနစ်ရှိသေးလဲ စသဖြင့် ဖြစ်လာတဲ့အခါ နိုင်ငံရေး မငြိမ်မသက်ဖြစ်ပြီး ဆန္ဒပြပွဲတွေ ခေါင်းထောင်လာတတ်သလို စနစ်ကို ခြိမ်းခြောက်ခြင်းလည်း ခံရတတ်ပါတယ်။ ဒါကို ယနေ့လက်ရှိ နိုင်ငံရေး ပါတီတွေ၊ အစိုးရဖွဲ့ခွင့်ရထားတဲ့ အာဏာရပါတီတွေနဲ့ နိုင်ငံရေးသမားတွေ အထူးသတိထားကြည့်တတ်ဖို့ လိုလာပါတယ်။ ဒါဟာ ဖြစ်လာနိုင်တယ် ဆိုတာထက် ဖြစ်တတ်တဲ့သဘောကိုသာ စောကြောကြည့်ခြင်းပဲ ဖြစ်ပါတယ်။

ဒီအတွက်ပဲ အထက်ကဆိုခဲ့သမျှအပေါ် ပြန်ချုပ်ရရင် ရွေးကောက်ပွဲတွေအပေါ်  ပြည်သူတွေစိတ်ဝင်စားမှု နည်းလာတာဟာ ဘာ့ကြောင့်လဲ၊ ပါတီစုံဒီမိုကရေစီစနစ် ဆိုပေမယ့်လည်း တစ်ပါတီစနစ်လို အာဏာရှင်ဆန်မှုတွေကြောင့်လား၊ နောက်တစ်ခုက အစိုးရဖွဲ့စည်းပုံစနစ်အကြားမှာ ထင်သလောက်ခရီးမပေါက်လို့ ယုံကြည်မှုကျဆင်းနေလို့လား၊ ဒါဆိုရင် ယခုလက်ရှိ အခြေအနေတွေ အထက်ကနေ ဘယ်လမ်းကြောင်းကိုသွားကြမလဲ၊ ပါတီတွေ အာဏာရရှိရေး၊ အင်အားတောင့်တင်းရေး၊ လူထုယုံကြည်မှု ပိုမိုရရှိရေးဆိုတဲ့ လမ်းကြောင်းထက်ကနေ ပါတီစုံဒီမိုကရေစီစနစ် ပိုမိုရှင်သန်ရေး၊ အပြန်ပြန် အလှန်လှန် ထိန်းကျောင်းမှုစနစ် ရုပ်လုံးဖောင်းပွလာစေရေးကိုပဲ ပြောင်းမလား၊ မဏ္ဍိုင်ကြီး ၃ ရပ်ဆိုတဲ့ အစိုးရတစ်ရပ်ရဲ့ အခန်းကဏ္ဍထက်ကိုကျော်လွန်ပြီး မီဒီယာမဏ္ဍိုင်နဲ့ ပြည်သူ့မဏ္ဍိုင်ကိုပဲ ပိုမိုအလေးထား ထည့်တွက်စဉ်းစားကြမလား ဆိုတာတွေကို နိုင်ငံရေးပါတီအသီးသီးက စဉ်းစားကြရင်း လာမယ့် ၂၀၂၀ အလွန်ကာလမှာ စနစ်ကို ခေတ်ကို တစ်ခုကိုရရှိဖို့ ဝိုင်းဝန်းပုံဖော်ဖို့ လိုလာမည်ဖြစ်ပါကြောင်း စိတ်ကောင်းစေတနာနဲ့ ရေးသားလိုက်ရပါတယ်။

အောင်ဇေယျ