POST TYPE
POLITICAL
ဂျပန် ကျောင်းနေအရွယ် လူငယ်များအကြား သေကြောင်းကြံစည်မှု နှစ် ၃၀ အတွင်း အမြင့်ဆုံးသို့ရောက်ရှိ
07-Nov-2018
တိုကျို နိုဝင်ဘာ ၆
ဂျပန်နိုင်ငံတွင် ကျောင်းနေအရွယ်ကလေးများ၏ သေကြောင်းကြံစည်မှုနှုန်းသည် နှစ်ပေါင်းသုံးဆယ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိလာခဲ့သည်ဟု ဂျပန်ပညာရေးဝန်ကြီးဌာနက ပြောကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွင်း မူလတန်းမှ အထက်တန်းအကြား ကျောင်းနေအရွယ် လူငယ် ၂၅၀ ခန့် ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်ခဲ့ကြသည်ဟု မှတ်တမ်းများအရ သိရှိရသည်။
အဆိုပါ အရေအတွက်သည် ယခင်နှစ်ကထက် ငါးဆတိုးလာခြင်းဖြစ်ပြီး ၁၉၈၆ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဖြစ်သည်။
သေကြောင်းကြံစည်သော ကလေးအများစု၏ စိုးရိမ်သောကများထဲတွင် မိသားစုပြဿနာများ ပါဝင်ပြီး ၎င်းတို့၏ အနာဂတ်နှင့် အနိုင်ကျင့်ခံရမှုများအပေါ် စိုးရိမ်မှုရှိခဲ့ကြသည်ဟုဆိုသည်။
သို့ရာတွင် သေကြောင်းကြံစည်သွားသူများအနက်မှ ၁၄၀ ခန့်မှာ မည်သည့်စာမှ ထားမသွားသောကြောင့် သေကြောင်းကြံရသည့်အကြောင်းရင်းကို မသိရဟု ကျောင်းများက ပြောကြားသည်။
ဂျပန်နိုင်ငံတွင် အသက် ၁၈ နှစ်အထိ အထက်တန်းပညာကို သင်ယူရသောကြောင့် ၎င်းတို့အများစုမှာ အထက်ကျောင်းသားအရွယ်များ ဖြစ်သည်ဟု သိရှိရသည်။
ဂျပန်အစိုးရရုံးက ၂၀၁၅ တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ ၁၉၇၂ မှ ၂၀၁၃ အထိ လေ့လာသုံးသပ်မှုတွင် စက်တင်ဘာလ ၁ ရက်တွင်စတင်သော စာသင်နှစ် ဒုတိယပိုင်းအစတွင် သေကြောင်း ကြံစည်မှု အများဆုံး ဖြစ်ပွားလေ့ရှိသည်ဟု ဖော်ပြထားသည်။
၂၀၁၅ တွင် သေကြောင်းကြံစည်မှု အမြင့်ဆုံးနိုင်ငံများထဲတွင် ဂျပန်နိုင်ငံပါဝင်ခဲ့သော်လည်း ကာကွယ်တားဆီးရေး အစီအစဉ်များကို စတင်ကျင့်သုံးပြီးနောက်ပိုင်း အရေအတွက် ကျဆင်းလာခဲ့သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ် ပြန်ထားသည်။
၂၀၁၇ တွင် ဂျပန်နိုင်ငံတစ်လွှား စုစုပေါင်း သေကြောင်းကြံစည်မှုပေါင်း ၂၁,ဝ၀၀ ရှိခဲ့ရာ ၂၀၀၃ ခုနှစ်က အရေ အတွက် ၃၄,၅၀၀ မှ လျော့ကျလာခဲ့ခြင်းဖြစ်သည်ဟု ရဲဌာနက ပြောကြားသည်။
သို့ရာတွင် ကလေးများ၏ သေကြောင်းကြံစည်မှုနှုန်းမှာမူ မြင့်တက်နေဆဲဖြစ်ပြီး ဂျပန်လူငယ်များ၏သေဆုံးမှု အဓိကအကြောင်းရင်းတစ်ခုဖြစ်နေသည်။
“ကျောင်းသားအရွယ် သေကြောင်းကြံစည်မှုနှုန်း မြင့်မားနေတာဟာ အလေးထား ကိုင်တွယ်ဖို့ လိုနေပြီလို့ သတိပေး ခေါင်းလောင်းထိုးလိုက်တာပါပဲ”ဟု ပညာရေးဌာနမှ တာဝန်ရှိသူ နိုရီယာကီကီတာဇာကီက ပြောကြားသည်။
F-04
- VIA
- Voice Admin
- SOURCES
- The Voice
-
15-Dec-2019
-
15-Dec-2019
-
15-Dec-2019
-
14-Dec-2019
-
14-Dec-2019
-
14-Dec-2019
-
01-Dec-2019