News

POST TYPE

POLITICAL

အကျပ်အတည်းဖြစ်နေသည့် NCA လုပ်ငန်းစဉ်ကို အဖြေရှာရန် KNU အရေးပေါ် အစည်းအဝေး ကျင်းပ
07-Nov-2018


ရန်ကုန်၊ နိုဝင်ဘာ ၆

အကျပ်အတည်းတွေ့ကာ တစ်ဆို့နေသည့်အပစ်ရပ် NCA လုပ်ငန်းစဉ်ကို အဖြေရှာရန် ကရင်အမျိုးသား အစည်းအရုံး (KNU) အဖွဲ့က ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေးတစ်ရပ်ကို နိုဝင်ဘာလ ၆ ရက်မှ စတင်ကျင်းပလျက်ရှိသည်။

အဆိုပါအစည်းအဝေးတွင် ကရင် အမျိုးသားအစည်းအရုံး၏ KNU နယ်မြေဖြစ်သည့် ဘားအံခရိုင် လေးဝါးစခန်းတွင် ပြုလုပ်နေခြင်းဖြစ်ပြီး ယင်းအစည်းအဝေးကို နိုဝင်ဘာလ ၁၀ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း အစည်းအဝေးနှင့်ပတ်သက်၍ KNU က သတင်းထုတ်ပြန်ခဲ့သည်။

အစည်းအဝေးတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့်ပတ်သက်၍ တစ်ဆို့နေသည့် NCA အကောင်အထည်ဖော်မှုများကို အဖြေရှာ ဆွေးနွေးမည်ဖြစ်ကြောင်း၊ ၂၁ ရာစုပင်လုံဆွေးနွေးပွဲ (၃) ကြိမ်ဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်အခြေခံမူများကို ချမှတ်သွားမည်ဟု အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ သီးသန့် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သော်လည်း နက်ရှိုင်းသော ကွာဟမှုများကို အဖြေရှာရန် လိုအပ်နေသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တစ်ဘက်တွင်လည်း NCA ပါ အချက်များအား အကောင်အထည်မဖော်နိုင်သေးသည်များ ရှိနေသေးကြောင်း ထိုအကြောင်းအရာများအားလုံးနှင့် စပ်လျဉ်း၍ ယုံကြည်မှုတည်ဆောက်ရေးကို အခြေခံပြီး မည်ကဲ့သို့ အဖြေရှာနိုင်ရေးကိစ္စများကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံးက ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ကရင်အမျိုးသား အစည်းအရုံး (KNU) အနေနှင့် ငြိမ်းချမ်းရေး အစည်းအဝေးများကို လတ်တလော မတက်ရောက်ရန် ယာယီဆိုင်းငံ့ထားမှုကိုလည်း ဆွေးနွေးဆုံးဖြတ်သွားနိုင်ဖွယ်ရှိကြောင်း KNU ဗဟိုကော်မတီဝင်တစ်ဦးက ပြောကြားသည်။

“ကျွန်တော်တို့ ဟိုထိပ်သီးမှာ ဆွေးနွေးခဲ့တာတွေ ပြန်သုံးသပ်ဖို့ ကျွန်တော်တို့ အောက်ခြေတွေကို ပြန်အသိပေးဖို့ရှိတယ်။ ဒါတွေဆွေးနွေးပြီး ဆုံးဖြတ်သွားမှာပါ။ ကျွန်တော်တို့ NCA လမ်းကြောင်းအတိုင်း မသွေဖယ်သွားဘူးဆိုတာလည်း ထုတ်ပြန်ထားပြီးဖြစ်တယ်”ဟု အဆိုပါ ဗဟိုကော်မတီဝင်ကဆိုသည်။

ပြီးခဲ့သည့် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ၏ ထိပ်သီး အစည်းအဝေးအပြီးတွင် ကရင်အမျိုးသား အစည်းအရုံး (KNU) အနေနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှ ယာယီဆိုင်းငံ့ကာ သဘောတူညီချက်များကို အဖွဲ့အစည်းအတွင်း ပြန်လည်ချပြခြင်း၊ ဆွေးနွေးအတည်ပြုခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း KNU က ထုတ်ပြန်ထားသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့တွင် အင်အားအကောင်းဆုံး လက်နက်ကိုင်အဖွဲ့လည်းဖြစ်သည်။

J-08