News

POST TYPE

POLITICAL

NLD ပြောရေးဆိုခွင့်ရှိသူကို အမှုဖွင့်ထားခြင်းတွင် မီဒီယာထံ သက်သေထွက်ချက်ယူ
05-Nov-2018
နေပြည်တော်၊ နိုဝင်ဘာ ၅

NLD ပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကို NLD ပါတီဝင်ဟောင်း လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်းက အမှုဖွင့်တရားစွဲဆိုရန် ပြုလုပ်ထားခြင်းတွင် အမှုတည်ဆောက်ရန်အတွက် မီဒီယာမှ သတင်းသမားထံတွင် သက်သေထွက်ဆိုချက်ယူနေကြောင်း မင်းဘူးရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မြင့်ဇော်က ပြောကြားသည်။

စက်တင်ဘာ ၂၄ ရက်က နေပြည်တော် စည်ပင်ရိပ်သာတွင် ပြုလုပ်သည့် CEC အစည်းအဝေးအပြီး ဒေါက်တာမျိုးညွန့် ပြောစကားကို မီဒီယာများက သတင်းဖော်ပြခဲ့ပြီးနောက် ဦးတင်အောင်ထွန်းက မင်းဘူးရဲစခန်းတွင် အောက်တိုဘာ ၂၇ က အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ဦးတင်အောင်ထွန်း၏တိုင်ကြားချက်တွင် The Voice, Eleven နှင့် 7 Days သတင်းစာများတွင် ဒေါက်တာမျိုးညွန့်၏ ပြောကြားချက်များကို ရေးသားထားဟုဆိုကာ တိုင်ကြားထားခြင်းကြောင့် မီဒီယာများမှ ရေးသားသည့် သတင်းထောက်နှင့် တာဝန်ရှိသူတို့ကို တာဝန်အရ လာရောက်မေးမြန်းရခြင်းဖြစ်ကြောင်း စခန်းမှူးကဆိုသည်။

မေးမြန်းချက်တွင် အမည်၊ အသက်၊ အဘအမည်၊ အလုပ်အကိုင်၊ လုပ်သက်၊ လူမျိုး၊ ဘာသာ၊ အိမ်ထောင် ရှိ မရှိ၊ မွေးရာဇာတိ၊ လက်ရှိ နေရပ်လိပ်စာတို့ ဖြစ်ပြီး အမှုအရ ခိုင်လုံမှုရှိပါက ဆက်လက် အရေးယူဆောင်ရွက်မည့်ကိစ္စကိုလုပ်ဆောင်သွားမည်ဖြစ်ပြီး ခိုင်လုံမှု မရှိပါက အမှုရုပ်သိမ်းမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

ဦးတင်အောင်ထွန်းနှင့် အခြားကိုယ်စားလှယ်တစ်ဦး ပါတီမှ နုတ်ထွက်ခြင်းကိစ္စနှင့်ပတ်သက်၍ “ပြစ်ချက်ရှိလို့ မဟုတ်ပါဘူး။ ကျွန်တော်တို့က စည်းကမ်းတွေ တင်းကျပ်ထားတာကိုး။ သူတို့ကိုယ်တိုင်က ပါတီစည်းကမ်းတွေက တင်းကျပ်လွန်းတယ်။ ပါတီကိုပြန်ပြီးတော့ အလှူငွေတွေ ထည့်ဝင်ရတယ်။ ဒါတွေကို လွတ်လွတ်လပ်လပ် လုပ်ချင်တယ်ဆိုပြီး ပါတီဝင်ကနေပြီး နုတ်ထွက်ခွင့်တောင်းတာ။ ဒါကို ကျွန်တော်တို့ အစည်းအဝေးက အတည်ပြုလိုက်တာ”ဟု ဒေါက်တာမျိုးညွန့်က မီဒီယာတွင် ပြောဆိုထားပြီး ဦးတင်အောင်ထွန်းက မကျေနပ်သောကြောင့် ယင်းသို့ အမှုဖွင့်ထားခြင်းဖြစ်သည်။ 

ယင်းပြောဆိုချက်သည် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ခွင့်နှင့် ပုဂ္ဂိုလ်ဆိုင်ရာ အခွင့်အရေးကာကွယ်ရေး ဥပဒေပုဒ်မ ၈ (စ)ပါ တားမြစ်ချက်ကို ဖောက်ဖျက်ခြင်းဖြစ်သောကြောင့် အမှုဖွင့်ရခြင်းဖြစ်ကြောင်း ဦးတင်အောင်ထွန်းက ဆိုသည်။

ပုဒ်မ ၈ (စ)တွင် နိုင်ငံသားတစ်ဦး၏ ပုဂ္ဂိုလ်ဆိုင်ရာ မိသားစုရေးရာ ကိစ္စများတွင် အဓမ္မဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် လူတစ်ဦး၏ ဂုဏ်သိက္ခာနှင့် ထင်ပေါ်ကျော်ကြားမှုကို ပုတ်ခတ်ခြင်း သို့မဟုတ် ထိခိုက်စေရန် တစ်နည်းနည်းဖြင့် ဆောင်ရွက်ခြင်း မပြုရဟု ပြဋ္ဌာန်းထားသည်။ 

လက်ရှိတွင် The Voice Weekly နှင့် The Voice Daily တို့မှ တာဝန်ရှိသူနှစ်ဦးကို မေးမြန်းထားပြီဖြစ်ပြီး 7 Days နှင့် Eleven သတင်းစာတို့ထံ ဆက်သွယ်ထားပြီဖြစ်ကြောင်း စခန်းမှူး မြင့်ဇော်က ဆိုသည်။

ယင်းအပြင် ဒေါက်တာမျိုးညွန့်ထံ ဆက်သွယ်ထားပြီဖြစ်ပြီး မေးမြန်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။

S-01