News

POST TYPE

POLITICAL

ကြားဖြတ်ရွေးကောက်ပွဲကို သုံးသပ်ကြည့်ခြင်း
05-Nov-2018

ရန်ကုန်မှာ လပ်ကီးဆဲဗင်းဆိုတဲ့ လက်ဖက်ရည်ဆိုင်က တော်တော် ရောင်းကောင်းတယ်။ မနေ့က မနက် လမ်းလျှောက်ထွက်တော့ လပ်ကီးဆဲဗင်းမှာ ထိုင်ဖြစ်တယ်။ ဆိုင်ထဲမှာ လက်ပံပင် ဆက်ရက်ကျသလို ဆူညံပွက်ထနေပြီး ထိုင်စရာနေရာတောင် မရှိဘူး။ ရတဲ့တစ်နေရာမှာထိုင်ပြီး လက်ဖက်ရည်သောက်တော့ ဘေးဝိုင်းမှာ လမ်းလျှောက်လေ့ကျင့်ခန်း လုပ်ပြီးပြန်လာတဲ့ အမျိုးသမီးဝိုင်းတစ်ဝိုင်း၊ မိသားစုဝိုင်းတစ်ဝိုင်း၊ စုံတွဲတစ်တွဲ။ ပိတ်ရက်တုန်းက ချောင်းသာမှာ ဘယ်လိုပျော်ခဲ့တဲ့အကြောင်း၊ ကျိုက်ထီးရိုးဘုရားဖူးတဲ့အကြောင်းတွေကို အမျိုးသမီးဝိုင်းက ကျယ်ကျယ်ကျယ်ကျယ်နဲ့ ပြောသံကြားနေရတယ်။ လက်ဖက်ရည်ဆိုင်တစ်ဆိုင်လုံးမှာ အုန်းအုန်းကျွက်ကျွက်နဲ့ စားနေသောက်နေတဲ့ ဒီလူအုပ်ကိုကြည့်ပြီး မြန်မာပြည်သူတွေ ဆင်းရဲနေတယ်လို့ပြောရင် ယုံမှာမဟုတ်ဘူး။

လက်ဖက်ရည်ဆိုင်က လမ်းလျှောက်ပြီး ရပ်ကွက်ဓမ္မာရုံရှေ့ ဖြတ်လာတော့ ကြားဖြတ်ရွေးကောက်ပွဲလမ်းညွှန် ဗီနိုင်းပိုစတာကြီးတစ်ချပ်၊ ပြီးတော့ မဲရုံအမှတ် (-)၊ --- ရပ်ကွက် ဆိုတာတွေ့လိုက်ရတော့မှ ဪ... ဒီနေ့ ရွေးကောက်ပွဲရှိပါလားဆိုတာ သတိရသွားတယ်။ မဲရုံထဲလှမ်းကြည့်လိုက်တော့ မဲပေးသူလည်း မတွေ့ရဘူး။ တစ်ဦးစ နှစ်ဦးစ ဝင်သွားတာတော့ တွေ့ရတယ်။ ပြောရရင် မဲရုံဝန်းကျင်က ခြောက်ခြောက်သွေ့သွေ့ပါ။ စောစောတုန်းက လက်ဖက်ရည်ဆိုင်မှာလည်း မဲပေးတဲ့အကြောင်း ပြောသံမကြားရ။ ကိုယ့်ဗာဟီရနဲ့ကိုယ် လူတွေက ပုံမှန်အတိုင်း သွားလာနေကြတယ်။ ခြောက်ခြောက်သွေ့သွေ့ မဲရုံပတ်ဝန်းကျင်ကိုကြည့်ပြီး ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ရွေးကောက်ပွဲကျင်းပစဉ်က မြင်ကွင်းကို ပြန်မြင်ယောင်နေမိတယ်။ အဲဒီတုန်းကတော့ မနက်မိုးမလင်းခင်ကတည်းက ရပ်ကွက်ထဲကလူတွေ အားလုံး တက်တက်ကြွကြွ ဖြစ်နေကြတယ်။ မနက်ခြောက်နာရီလောက်ကတည်းက မဲရုံရှေ့မှာ တန်းစီနေတဲ့လူအုပ်ကြီးဟာ စတုဒိသာကျွေးနေသလား ထင်ရတယ်။ မဲပေးအပြီးမှာ အားလုံးကတက်ကြွပြီး ဂုဏ်ယူနေကြတယ်။ အခု ကြားဖြတ်ရွေးကောက်ပွဲမှာတော့ အဲသလောက် လူတွေ မတွေ့ရတော့ဘူး။ ၂၀၁၅ တုန်းက မဲပေးဖို့ တန်းစီရပေမယ့် ခုမနက် ရှစ်နာရီကျော်ကျော်မှာပဲ လူရှင်းနေတယ်။ ၂၀၁၅ တုန်းက မဲပေးခဲ့ကြသူတွေ ဘယ်ရောက်ကုန်ပြီလဲမသိ။

ဒီနေ့ မနက်မှာ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်(တရားဝင် အတည်ပြု မကြေညာမီ) ထွက်လာတော့ ကိုယ့်မြို့နယ်က အရင် ၂၀၁၅ ခုနှစ်တုန်းကအတိုင်းပဲ NLD ပါတီ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က မဲအပြတ်အသတ်နဲ့ နိုင်သွားတယ်။ အဓိက ပြိုင်ဘက် ကြံ့ခိုင်ဖွံ့ဖြိုးရေးက မဲအရေအတွက် ထောင်ဂဏန်းပဲ ရတယ်။ NLD ပါတီကတော့ သောင်းဂဏန်းရတယ်။ ဒါပေမဲ့ ထူးခြားမှုတစ်ခုက ဒီနေ့ထုတ်သတင်းစာတစ်စောင်ပါ ကိန်းဂဏန်းအချက်အလက်အရ တစ်မြို့နယ်လုံးမှာ မဲပေးသူ ၃၂,၅၆၆ ဦးပဲ ရှိတယ်ဆိုတာပါ။ တရားဝင်စာရင်းအရ မဲပေးနိုင်သူဦးရေ ၁၀၀,၀၀၀ ကျော်ရှိတဲ့ ဒီမြို့နယ်မှာ မဲလာပေးသူက သုံးသောင်းနှစ်ထောင်ကျော်ပဲ ရှိတော့ ရာခိုင်နှုန်းအားဖြင့် ၃၂ ရာခိုင်နှုန်းပဲရှိတယ်လို့ ဆိုရမယ်။ ဒါဆိုရင် မဲပေးဖို့ ပျက်ကွက်နေသူ (တစ်နည်းအားဖြင့် မဲလာမပေးသူ) က ခုနစ်သောင်းလောက်ရှိမှာပေါ့။ သူတို့ ဘယ်ရောက်နေကြသလဲ။ ဘာ့ကြောင့် မဲလာမပေးကြသလဲ။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ပါတီဟာ ခု ကြားဖြတ်ရွေးကောက်ပွဲမှာလည်း ထပ်ပြီး အနိုင်ရပါတယ်။ ဒါပေမဲ့ လာရောက်ဆန္ဒမဲပေးသူ အရေအတွက်က သုံးသောင်းကျော်ပဲရှိတယ်။ စာရင်းအရ ၂၀၁၅ ခုနှစ်၊ အနိုင်ရခဲ့စဉ်က လာရောက်မဲပေးသူ ၇၆ ရာခိုင်နှုန်းရှိတော့ မဲဆန္ဒရှင် ခုနစ်သောင်းကျော် ရှစ်သောင်းနီးပါးလာပြီး မဲပေးခဲ့တယ်လို့ ဆိုနိုင်တယ်။ ဒါဆိုရင် လူပေါင်း ၄၀,၀၀၀ လောက်ဟာ ခုကြား ဖြတ်ရွေးကောက်ပွဲမှာ မဲလာမပေးကြဘူးလို့ ဆိုနိုင်တယ်။

ဒါဟာ ဒီတစ်မြို့နယ်တည်း ဖြစ်ရပ်တော့မဟုတ်ဘူး။ တစ်နိုင်ငံလုံးမှာ လစ်လပ်ကိုယ်စားလှယ် ၁၃ နေရာအတွက် ရွေးကောက်ပွဲကျင်းပခဲ့ရာမှာ ပြည်နယ်၊ တိုင်းဒေသကြီး မြို့နယ်အသီးသီးမှာလည်း လာရောက် မဲဆန္ဒပေးသူ အရေအတွက်ဟာ ၅၀ ရာခိုင်နှုန်းအထက် လေးနေရာပဲရှိပြီး ကျန်နေရာများမှာ ၄၀ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်းဝန်းကျင်ပဲ ရှိတာတွေ့ရတယ်။ Voters Turn Out လို့ခေါ်တဲ့ လာရောက်မဲပေးသူ အရေအတွက်ဟာ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲနဲ့စာရင် သိသိသာသာကြီး လျော့နည်းသွားတယ်လို့ ဆိုရမယ်။ ဘာ့ကြောင့် အရေအတွက်များပြားလှတဲ့ ပြည်သူတွေ မဲလာမပေးကြတော့တာလဲ။ ကြားဖြတ်ရွေးကောက်ပွဲဖြစ်လို့ စိတ်မဝင်စားတာလား။ ပါတီအပေါ်မှာ၊ နိုင်ငံရေးအပေါ်မှာ၊ အစိုးရအပေါ်မှာ အယုံအကြည် ကင်းမဲ့သွားကြလို့လား။

ထူးခြားမှုတစ်ခုအနေနဲ့ ဒီကြားဖြတ်ရွေးကောက်ပွဲမှာ ၁၃ နေရာအနက် ၇ နေရာက လက်ရှိအာဏာရပါတီက အနိုင်ရပြီး ၆ နေရာက တိုင်းရင်းသားပါတီနဲ့ အတိုက်အခံ USDP က အနိုင်ရသွားခဲ့တယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းက အနိုင်ရထားတဲ့ ၁၁ နေရာအနက် ၄ နေရာကို ဒီကြားဖြတ်ရွေးကောက်ပွဲမှာ အာဏာရပါတီက လက်လွှတ် ဆုံးရှုံးသွားခဲ့တယ်။ လဲချားနဲ့ ရသေ့တောင်ကတော့ နဂိုကတည်း အနိုင်မရခဲ့တဲ့ မဲဆန္ဒနယ်တွေပါ။ ဒီရလဒ်ကြောင့် လက်ရှိအာဏာရပါတီရဲ့ အနာဂတ်အပေါ် စိုးရိမ်မကင်း ဖြစ်လာသူတွေလည်း ရှိလာတယ်။ အရင် ကိုယ့်ပါတီက အနိုင်ရထားတဲ့နယ်မြေမှာ ပါတီသစ်တွေ အနိုင်ရလာတာဟာ လက်ရှိအာဏာရပါတီရဲ့ ဆုံးရှုံးမှုလို့ တချို့က ကောက်ချက်ချနေကြတယ်။

ဒီကြားဖြတ်ရွေးကောက်ပွဲဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် အချက်ပေး ခေါင်းလောင်းသံဖြစ်သလို သင်ခန်းစာယူရမယ့်အချက်တွေလည်း တွေ့ရတယ်။ (၁) မဲဆန္ဒရှင်ပြည်သူတွေဟာ သူတို့တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေအပေါ် (ဒီထက်ပိုဆိုရရင်) ပါတီအပေါ်မှာ စိတ်ဝင်စားမှု မပြတော့ဘူး။ လျစ်လျူရှုလာတယ်။ (၂) အရင် အနိုင်မရခဲ့တဲ့ပါတီတွေ အနိုင်ရလာတာကိုကြည့်ရင် မဲဆန္ဒရှင်အချို့ စိတ်ပြောင်းသွားကြပြီ။ တစ်နည်းအားဖြင့် ဘက်ပြောင်းသွားကြပြီ။ (၃)လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် မဆုတ်မနစ် ချစ်ခင်မြတ်နိုး ယုံကြည်နေကြဆဲ ပြည်သူတွေ အခိုင်အမာရှိနေဆဲဆိုတာကို အဓိကနယ်မြေ မဲဆန္ဒနယ်မြေတွေမှာ ဆက်လက်အနိုင်ရနေတာကို ကြည့်ခြင်းဖြင့် သိနိုင်တယ်။ အာဏာရပါတီဟာ ကိုယ်စားလှယ်တစ်ဦးချင်းရဲ့ အရည်အသွေးထက် ပါတီနဲ့ခေါင်းဆောင်ရဲ့ ပုံရိပ်အပေါ်မှာ မှီခိုနေဆဲပဲ ဆိုတာတွေ့ရတယ်။ (၄) လာမယ့် ရွေးကောက်ပွဲမှာရော ခုလိုပဲ လာရောက်မဲဆန္ဒပေးသူ (Voters Turn Out) နည်းနေဦးမလား။ ရွေးကောက်ပွဲအပေါ် လူထုအယုံအကြည် ကျဆင်းသွားခြင်းဟာ နိုင်ငံရေး ကျဆင်းသွားခြင်းဖြစ်လို့ ကောင်းတဲ့လက္ခဏာတော့ မဟုတ်ဘူး။ (၅) ကျန်ပါတီတွေအနေနဲ့ တိုက်စစ်ပိုမြှင့်လာနိုင်တယ်။ အခုနေရာအချို့မှာ အနိုင်ရလိုက်တာဟာ အတိုက်အခံတွေအတွက်တော့ အောင်ပွဲပဲ။ ၂၀၂၀ မှာ သူတို့ ပိုမျှော်လင့်လာနိုင်တယ်။ လက်ရှိ ရလဒ်အရ တိုင်းရင်းသား လူမျိုးစုတွေရှိတဲ့ ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်ရဖို့ မှေးမှိန်လာတယ်။ ရှမ်းက ရှမ်းပါတီ၊ ရခိုင်က ရခိုင်ပါတီ၊ မွန်က မွန်ပါတီ၊ ကရင်က ကရင်ပါတီ၊ ကချင်က ကချင်ပါတီကိုပဲ ရွေးချယ်လာနိုင်စရာ ရှိတယ်။ ဒါဆိုရင် ၂၀၂၀ ရွေးကောက်ပွဲ အခင်းအကျင်းဟာ ၂၀၁၅ နဲ့ လုံးဝ ကွဲပြားသွားပြီး တစ်ပါတီတည်းက Winner Takes All အနိုင်ရ၊ စိတ်ကြိုက်အစိုးရ ဖွဲ့နိုင်မယ့်အခြေအနေ မရှိတော့ဘူး။

လက်ရှိ အာဏာရပါတီအနေနဲ့ ၂၀၂၀ မတိုင်မီကာလအတွင်း ပြည်သူတွေ စိတ်ချမ်းသာနိုင်လောက်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ရလဒ်ကောင်းတစ်ခုခု မှတ်ကျောက်တင်နိုင်အောင် စွမ်းဆောင်ပြဖို့ လိုနေပါပြီ။ အချိန်ကာလအားဖြင့် ၂ နှစ်လောက်သာ ရှိတော့တဲ့အချိန်မှာ ပြုပြင်သင့်တာကို ပြုပြင်သွားမှ ၂၀၂၀ မှာ ၂၀၁၅ ခုနှစ်တုန်းကလို တောင်ပြို ကမ်းပြို အောင်ပွဲခံနိုင်ပါလိမ့်မယ်။ လတ်တလော ကြားဖြတ်ရွေးကောက်ပွဲ ဖြစ်စဉ်အရတော့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲဟာ အာဏာရပါတီအတွက်ရော အတိုက်အခံနဲ့ ကျန်တိုင်းရင်းသား ပါတီတွေအတွက်ပါ အကြိတ် အနယ် စိန်ခေါ်ပွဲတစ်ခု ဖြစ်လာဖွယ် ရှိနေကြောင်းပါ။

ချစ်ဝင်းမောင် (၄-၁၁-၂၀၁၈)