News

POST TYPE

POLITICAL

တမူးတွင် ပါတီရင်ထိုးတပ်၍ မဲရုံပရဝဏ်စည်းအနီးအထိ ရောက်လာသည့် ကိုယ်စားလှယ်လောင်းကို ကန့်ကွက်
03-Nov-2018
ကလေး၊ နိုဝင်ဘာ ၃

တမူးမြို့နယ် ခမ်းပါတ်မြို့ အမှတ် ၃ ရပ်ကွက် မဲရုံအမှတ် ၁ တွင် ကြံ့ခိုင်ရေးပါတီမှ အမတ်ဝင်ပြိုင်သူက ပါတီရင်ထိုးတံဆိပ်တပ်ထားပြီး မဲရုံပရဝဏ်စည်းအနီးအထိ ရောက်ရှိသောကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီမှ ပြည်သူ့လွှတ်တော်အမတ်က ကန့်ကွက်ခဲ့ကြောင်း ရပ်ကျေးရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးရမ်ခိုဆေးက ပြောသည်။

ယနေ့ ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် နံနက် ၁၀ နာရီခန့်က မဲဆန္ဒရှင်များ မဲပေးနေကြစဉ် ကြံ့ခိုင်ရေးအမတ် ဝင်ပြိုင်သူက ပါတီရင်ထိုးတံဆိပ်ဖြင့် မဲရုံပရဝဏ်စည်းအနီးအထိ ရောက်လာသည်ကို လက်ရှိ တမူးမြို့နယ် NLD ပါတီမှ ပြည်သူ့လွှတ်တော်အမတ် ဦးနိုင်နိုင်ဝင်းက မြင်တွေ့၍ ကန့်ကွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“သူ(ကြံ့ခိုင်ရေးမှ အမတ်ဝင်ပြိုင်သူ ဦးရိုထန်းပွီးယာ) ကလည်း လွှတ်တော်ကိုယ်စားလှယ်လောင်းဆိုတော့ ရင်ထိုးတံဆိပ် တပ်ထားတယ်။ မဲရုံထဲဝင်တာ မဟုတ်ပါဘူး။ မဲရုံပရဝဏ်အဖြစ် သတ်မှတ်ထားတဲ့ ကိုက် ၅၀ အတွင်း ဝင်တာတော့မဟုတ်ဘူး”ဟု ဦးရမ်ခိုဆေးက ပြောသည်။

ကန့်ကွက်ခံရသည့် ကြံ့ခိုင်ရေးပါတီမှ အမတ်ဝင်ပြိုင်သူ ဦးရိုထန်းပွီးယာက “စာသင်ကျောင်းဝန်းအတွင်းတော့ ဝင်တယ်။ မဲရုံအတွင်းမဟုတ်ဘူး”ဟုပြောသည်။

အဆိုပါ မဲရုံသည် စာသင်ကျောင်းတွင်ပြုလုပ်သည့် မဲရုံဖြစ်ကာ မဲပေးသည့်အခန်းကို စာသင်ခန်းဆောင်အတွင်း သတ်မှတ်ကာ မဲပေးသည့် ရုံရှေ့မြေပြင် ကိုက် ၅၀ ကို ကြိုးတားထားကာ မဲရုံပရဝဏ်အဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရပ်/ကျေးကော်မရှင် ဥက္ကဋ္ဌက ရင်ထိုးတံဆိပ်ကို ဖြုတ်ခိုင်းခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တမူးမြို့နယ် အမှတ် ၂ မဲဆန္ဒနယ် အမတ်လောင်းနေရာအတွက် ပါတီ ၄ ခုမှ အမတ်လောင်း ၄ ဦးဝင်ပြိုင်သည်။ ယနေ့ ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၄ နေရာ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁ နေရာနှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၈ နေရာ စုစုပေါင်း ၁၃ နေရာရှိသည်။

R 20