News

POST TYPE

POLITICAL

အုတ်တွင်း၌ မဲပေးခွင့်ရှိသူစာရင်းတွင် သေဆုံးသူများ ပါဝင်
03-Nov-2018

တောင်ငူ၊ နိုဝင်ဘာ ၃

ယနေ့ ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပဲခူးတိုင်း အုတ်တွင်းမြို့နယ် ပေါက်တောရွာအုပ်စု ဗောဓိကုန်း အထက်တန်းကျောင်းမဲရုံ၌ ကပ်ထားသည့် မဲပေးခွင့်ရှိသူများစာရင်းတွင် သေဆုံးသူများပါ ပါဝင်နေကြောင်း ဒေသခံများက ပြောသည်။

မဲပေးခွင့်ရှိသူစာရင်းတွင် သေဆုံးသွားပြီဖြစ်သည့် ဦးအောင်ဘိုဦး၊ ဦးအောင်လွင်ဦးနှင့် ဒေါ်သီတာနွယ်တို့ နာမည်များပါနေသည့်အပြင် မဲပေးခွင့်ရှိသူစာရင်းပါ လူအချို့သည်လည်း ထိုဒေသတွင် မရှိတော့ကြောင်း ဗောဓိကုန်း သိကြားစက်ဝင်းအတွင်းနေ ဦးအောင်မင်းနိုင်က ပြောသည်။

ပေါက်တောအုပ်စု ဗောဓိကုန်းနယ်မြေ အမှတ်(၂)မဲရုံတွင် ကျေးရွာ ၅ ရွာပါဝင်ပြီး မဲပေးခွင့်ရှိသူ ၁၆၆၂ ဦးရှိပြီး မဲရုံပိတ်ချိန်အထိ မဲလာပေးသူ ၂၉၀ ခန့် မဲလာပေးကြောင်း၊ နာမည်စာရင်း မပါလာသူများလည်း ရှိနေကြောင်း ယင်းမဲရုံတာဝန်ရှိသူအချို့နှင့် ကာယကံရှင်များက ပြောဆိုကြသည်။

မဲပေးခွင့်အမည်စာရင်းတွင်ပါမလာသူ ဒေါ်သဇင်ထွန်းက “ကျွန်မရော၊ သမီး (မအိပိုးခိုင်) ရော စာရင်းမှာမပါဘူး။ ကြိုပြီး မဲစာရင်းလာကောက်တာလည်း မရှိဘူး။ အခုမဲစာရင်းမှာလည်း ရှာမတွေ့လို့ ဘယ်လိုမှလည်း မဲပေးလို့မရတော့ဘူး”ဟု ပြောသည်။

မဲစာရင်းကို တစ်လ ကြိုကြေညာပြီး ရပ်/ကျေးရုံးများတွင် ကပ်ထားပြီးဖြစ်ကာ ကြိုတင် အကြောင်းကြားပါက ပြင်ဆင်ပေးနိုင်သော်လည်း ယခုအချိန် မပါလာသည့်အတွက် မဲပေးနိုင်ရေး လုပ်မပေးနိုင်တော့ကြောင်း ဗောဓိကုန်းမဲရုံအမှတ် ၂ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပဲခူးတိုင်းဒေသကြီးလွှတ်တော် အုတ်တွင်းမြို့နယ် အမှတ် ၁ မဲဆန္ဒနယ် လစ်လပ်ကိုယ်စားလှယ်နေရာအတွက် အမတ်လောင်း ၈ ဦးဝင်ပြိုင်ကြသည်။ မဲဆန္ဒနယ် ၁ တစ်နယ်လုံးတွင် မဲပေးခွင့်ရှိသူ ၅၉,၀၀၀ ကျော်ရှိသည်။

R-15