News

POST TYPE

POLITICAL

ဘဏ်များ၌ နိုင်ငံခြားသားရှယ်ယာပါဝင်နိုင်မည့် ရာခိုင်နှုန်း သီးခြားသတ်မှတ်မည်
26-Oct-2018
ရန်ကုန်၊ အောက်တိုဘာ ၂၅

အသစ်ပြန်လည်ရေးဆွဲထားသော မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေအရ ပြည်တွင်းကုမ္ပဏီများတွင် နိုင်ငံခြားသား ရှယ်ယာပါဝင်မှုကို ၃၅ ရာခိုင်နှုန်းအထိ ခွင့်ပြုပေးထားသော်လည်း ဘဏ်လုပ်ငန်းများတွင် ရှယ်ယာထည့်ဝင်နိုင်မည့် ရာခိုင်နှုန်းမူကို ဗဟိုဘဏ်က သီးခြားသတ်မှတ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် (SECM) ထံမှ သိရသည်။

လက်ရှိအချိန်တွင် ရန်ကုန်စတော့ အိတ်ချိန်း၌ စာရင်းဝင်ထားသည့် ကုမ္ပဏီများထဲတွင် ဘဏ်လုပ်ငန်းနှစ်ခု ပါဝင်လျက်ရှိပြီး ယင်းဘဏ်နှစ်ခု၏ ရှယ်ယာများကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ရာခိုင်နှုန်း မည်မျှအထိ ဝယ်ယူခွင့်ရရှိနိုင်မည်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း SECM အဖွဲ့ဝင် ဦးဌေးချွန်က ပြောကြားသည်။

“ဗဟိုဘဏ်က ဘဏ်တွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုပြီဆိုရင်တော့ စတော့အိတ်ချိန်းမှာရှိတဲ့ ဘဏ်နှစ်ခု အခြေအနေကလည်း သွက်လာနိုင်မယ်။ ကုမ္ပဏီ ဥပဒေမှာတော့ ၃၅ ရာခိုင်နှုန်းအထိ ခွင့်ပြုပေးထားတယ်ပေါ့။ ဗဟိုဘဏ်ကရော ဘယ်လောက်အထိ ခွင့်ပြုပေးမလဲဆိုတာ တွေ ဆွေးနွေးနေတယ်”ဟု ၎င်းက ရှင်းပြသည်။

လက်ရှိအချိန်တွင် SECM နှင့် စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီများတွင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံခွင့် ရရန်အတွက် ဗဟိုဘဏ်အပါအဝင် ရှေ့နေချုပ်ရုံး၊ ပြည်တွင်းအခွန်များ ဦးစီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနတို့နှင့် ဆွေးနွေးညှိနှိုင်းလျက်ရှိသည်။ 

“ဥပဒေအရတော့ နိုင်ငံခြားသား ပါဝင်မှုကို ခွင့်ပြုပေးလိုက်ပြီဖြစ်တဲ့အတွက် လုပ်ငန်းမှာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု ပါဝင်မှုကတော့ နောက်ပိုင်းမှာ တစ်ဆင့်ချင်းဖြစ်လာမယ့်ကိစ္စပါ။ အစီအစဉ်လည်း ရှိပါတယ်” ဟု ပြည်တွင်းဘဏ်လုပ်ငန်းတစ်ခုမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

လတ်တလောတွင် ရန်ကုန်စတော့ အိတ်ချိန်း၌ ဘဏ်လုပ်ငန်းနှစ်ခုဖြစ်သည့် ပထမပုဂ္ဂလိကဘဏ်နှင့် မြန်မာနိုင်ငံသားများ ဘဏ်အပါအဝင် ကုမ္ပဏီငါးခုက ရှယ်ယာများ အရောင်းအဝယ်လုပ်ဆောင်လျက်ရှိသည်။

J-01


  • VIA