News

POST TYPE

POLITICAL

မရေမရာ မသေမချာမှုများနဲ့ မြန်မာ့ငြိမ်းချမ်းရေး
25-Oct-2018

Bangkok Post ပါ Larry Jagan ၏ သတင်းဆောင်းပါးကို သန့်ဇင်စိုးဘာသာပြန်သည်

(သတင်းဆောင်းပါး ပါ အချက်အလက်၊ ယူဆချက်များသည် The Voice Daily ၏ အာဘော်မဟုတ်ဘဲ မူရင်းဆောင်းပါးရှင်၏ အာဘော်သာ ဖြစ်ပါသည်)

နောက်ဆုံး တွေ့ဆုံဆွေးနွေးပွဲများက အနှစ်သာရရှိသော တစ်စုံတစ်ရာ မထွက်နိုင်ခဲ့ပြီးနောက် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်သည် ခပ်မျှင်မျှင်ပါးပါးလေးသာ တည်ငြိမ်နေသည်။

မြန်မာ့တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့တစ်ခုဖြစ်သော NCA လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ၏ ဥက္ကဋ္ဌဖြစ်သူ ရွက်ဆစ်သည် မကြာသေးခင်က အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့ ခေါင်းဆောင်များ ထိပ်သီးတွေ့ဆုံပွဲသို့ တင်သွင်းခဲ့သော ၎င်း၏ အတွေးအမြင်များကို အေးဆေးသက်သောင့်သက်သာထိုင်ရင်း လိုလိုလားလားပြောပြနေသည်။ ထိုအစည်းအဝေးအကြောင်းကို ပြန်လည်သုံးသပ်ရင်း “အလွန်တင်းမာမှုများသည်”ဟု ၎င်းက ရိုးရှင်းစွာ ပြောကြားခဲ့သည်။ အစည်းအဝေးတက်ခဲ့သူ အခြားတိုင်းရင်းသား ခေါင်းဆောင်များထဲမှ အမည်မဖော်ပြလိုသော တစ်ဦးကလည်း တူညီစွာ ပြောကြားခဲ့သည်။ “ရင်တမမ ဖြစ်နေရသည်”ဟုဆိုသည်။

ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေသော ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ထွက်ပေါက်တစ်ခုများ ဖြစ်လေမလား မျှော်လင့်ချက်မြင့်နေချိန် ညီလာခံကို ခေါ်ခဲ့သော်ငြား၊ ရွက်ဆစ်နှင့် မြန်မာ့တပ်မတော် ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးတို့အကြား လက်ဝှေ့ရေးပြသည့် နေရာအဖြစ်သို့ သက်ဆင်းသွားရပေတော့သည်။ ယင်းသို့ သူတစ်ခွန်း ငါတစ်လုံး ပြောကြသည့် ဆွေးနွေးဝိုင်းက ရှေ့ဆက်မရသော ငြိမ်းချမ်းရေးဖြစ်စဉ်ကို တဲတဲလေးသာ ကျန်စေတော့သည်။ အလုံးစုံသော မျှော်လင့်ချက်တို့သည် လာမည့်လ အစောပိုင်းတွင် ပြုလုပ်မည့် လက်ရှိ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေကို ရပ်ဆိုင်းစေဖို့ ဆုံးဖြတ်ရန် တိုင်းရင်းသားအဖွဲ့များ အစည်းအဝေးကိုသာ အားထားရပေတော့မည်။

RCSS သည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအတွက် မူဘောင်ကို သတ်မှတ်ပေးလိုက်သည့် ၂၀၁၅ အောက်တိုဘာ NCA ကိုလက်မှတ်ထိုးထားသော အဖွဲ့များအတွင်း အင်အားကောင်းကာ ပိုမိုအရေးပါသော အုပ်စုများထဲမှ တစ်ဖွဲ့ဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ် မြို့တော်နေပြည်တော်တွင် ပြီးခဲ့သည့် ၇ နှစ်လုံး အစိုးရနှင့် ဆွေးနွေးရာတွင် ပါဝင်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများက လက်မှတ်ရေးထိုးထားသော သဘောတူညီချက်၏ တတိယနှစ်ပြည့် လတ်တလော အစည်းအဝေးအတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်၏ အရေးကြီးသော အချိန်အခါသို့ ရောက်နေပြီဖြစ်ကြောင်း အသံများထွက်ခဲ့သည်။

တိုင်းရင်းသား ခေါင်းဆောင်များအနေနှင့် အရပ်သားခေါင်းဆောင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့် ပထမဆုံးအကြိမ် အတူတကွ ဆွေးနွေးကြခြင်းဖြစ်သည်။ တံခါးပိတ်ကာ အပန်းဖြေခရီးပုံစံ ပြင်ဆင်ပြီး ဆွေးနွေးကြကာ ပွင့်လင်းစွာဆွေးနွေးကြပြီး ကြားဝင်ခြင်းများ၊ ခေါင်းစဉ် ကန့်သတ်ခြင်းများ မရှိသည့် ဆွေးနွေးမှုမျိုးဖြစ်သည်။

သို့သော် တပ်ချုပ်သည် အဆိုပါအစီအစဉ်ကို ကြိုဟန့်လိုက်သကဲ့သို့ ရှည်လျား၊ ရန်လိုသော အဖွင့်မိန့်ခွန်းပြောခဲ့သည်။ RCSS ကို ရည်ရွယ်ပြောပုံရသည်။ မူးယစ်ဆေးဝါး လုပ်ခဲ့ဖူးခြင်း၊ အပစ်အခတ် ရပ်စဲရေးကိုအခွင့် အရေးယူကာ တပ်သားသစ် စုဆောင်းလေ့ကျင့်ခြင်းနှင့် နယ်ပယ်ချဲ့ထွင်ခြင်းတို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထောက်ပြစွပ်စွဲခဲ့သည်။ ဆွေးနွေးပွဲကာလတွင်လည်း ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က RCSS ကို သတိပေးခဲ့ကာ ၎င်းတို့ အနေအထိုင်မဟုတ်ပါက ဖြိုခွင်းခံရမည်ဟုဆိုခဲ့သည်။

“မင်းအောင်လှိုင်ဟာ ရိုးသားမှုမရှိသလို လိုက်လျောညီထွေလည်း မရှိပါဘူး”ဟု ရွက်ဆစ်က Bangkok Post နှင့် သီးသန့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ ၎င်းသည် ဗွေဆော်ဦးကတည်းက ဆွေးနွေးပွဲတစ်ရပ်အတွက် မသင့်လျော်သော လေသံကို ပြင်ဆင်ထားခဲ့ပြီး သဘောတူညီမှုရရှိရေးအခွင့် အလမ်းမရစေခဲ့ဟု ရွက်ဆစ်ကဆိုသည်။ ငြိမ်းချမ်းရေး ဖြစ်စဉ်တစ်ရပ် ရှေ့ဆက်ဖို့ဆိုလျှင် အတိတ်က ဖြစ်ရပ်များကိုသာ တဝဲလည်လည် ပြောမနေသင့်ပါ”ဟု ၎င်းက ပြန်ပြောင်းပြောကြားသည်။ “ပူးပေါင်းဆောင်ရွက်လို့ရမယ့် ကဏ္ဍတွေကို ရှာဖွေရမှာဖြစ်ပြီး အပြန် အလှန် လက်ခံနိုင်မည့် သဘောတူညီချက်များရအောင် အလုပ်လုပ်ရပါမယ်”ဟု ဆိုသည်။

အဖွင့်အမှာစကားကစားကွက်တွင် တပ်မတော် အကြီးအကဲသည် အငြင်းပွားဖွယ်ကဏ္ဍ နှစ်ရပ်ကိုတင်သွင်းလာခဲ့ပြီး ယင်းတို့သည် ငြိမ်းချမ်းရေးသဘော တူညီချက် ရရှိရေးအတွက် အဖုအထစ် ခလုတ်ကန်သင်း ဖြစ်နေခဲ့ရာမှ နှစ်ဖက်လုံးက ယခုဆွေးနွေးပွဲအဆင့်များတွင် ရှောင်ရှားခဲ့ကြသည်ချည်းဖြစ်သည်။ အဆိုပါ အရေးကိစ္စများမှာ ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းခြင်းနှင့် တိုင်းရင်းသားအစုအဖွဲ့များ၏ ပြည်ထောင်စုမှ ခွဲထွက်ခွင့်ဖြစ်သည်။ ယင်းခွဲထွက်ခွင့်သည် ၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ညှိနှိုင်းခဲ့သည့် ပင်လုံသဘောတူညီချက်တွင် ပါဝင်ခဲ့သည်။ ငြိမ်းချမ်းရေးမရခင်၊ အမျိုးသား ပြန်လည်သင့်မြတ်ခြင်းမရခင် အဆိုပါကဏ္ဍတို့ကို ဖြေရှင်းရမည်ဖြစ်သည်။

တိုင်းရင်းသားအုပ်စုဘက်က တုံ့ပြန်ချက်ကတော့ ရှင်းလင်းပြတ်သားသည်။ တပ်မတော်အရေးကိစ္စကို မဆွေးနွေးခင် ဖက်ဒရယ်တပ်မတော်၏ ဖွဲ့စည်းတည်ဆောက်ပုံကို ရှင်းလင်းအသေးစိတ်စွာရှိရမည်ဟူ၍ဖြစ်သည်။ “ဘာကိုမျှော်မှန်းထားတယ်ဆိုတာကို ပထမဆုံးမသိရသေးဘဲ ကျုပ်တို့က ဘယ်လိုမှတ်ချက်ပြုမလဲ”ဟု ရွက်ဆစ်ကဆိုသည်။ “ကျွန်တော်တို့အားလုံးလုပ်နေတာက ဖွဲ့စည်းတည်ဆောက်ပုံနဲ့ပတ်သက်ပြီး ရှင်းလင်းမှုကိုရှာဖွေတာဖြစ်ပါတယ်။ ဒါပေမဲ့ စစ်တပ်ဘက်က စိတ်ပါလက်ပါ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆန်နေတယ်”ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းပုံသည် အနာဂတ်တွင် အဓိကအချက် ဖြစ်လာပေမည်။ ရွက်ဆစ်အတွက်ကတော့ ၎င်းတို့၏တပ်များသည် တပ်မတော်အတွင်းသို့ဝင်ကာ တပ်မတော်လက်အောက်ခံအဖြစ် နယ်ခြားစောင့်တပ်များအဖြစ် ဆောင်ရွက်ရပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အမိန့်နာခံရမည်ကို လုံးဝ လက်ခံနိုင်စရာမရှိပေ။ “ကျွန်တော်တို့က ဒါကိုလက်မခံနိုင်ပါဘူး”ဟု ၎င်းကဆိုသည်။

ဆွေးနွေးပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်က ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေကိုဖြေရှင်းရန် ကြိုးစားခဲ့သည်။ ယင်းကိစ္စကိုပါလီမန်က စဉ်းစားဆုံးဖြတ်စေရန်အတွက် လွှဲလိုက်သင့်သည်ဟု အကြံပေးသည်ကို စစ်တပ်ကရော၊ တိုင်းရင်းသားအဖွဲ့များကပါ လက်မခံခဲ့ကြပေ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေနှင့် ၎င်းတို့ကို ကိုယ်စားပြုသော ပါလီမန်အတွင်းမရှိကာ အဆိုပါဖြစ်စဉ်တွင် ၎င်းတို့ ပါဝင်တော့မည်မဟုတ်ဘဲ အနာဂတ်ဆွေးနွေးဝိုင်းများထဲမှ ဖယ်ထုတ်သကဲ့သို့ ဖြစ်ချေမည်။ စစ်တပ်အတွက်လည်း ထိုကိစ္စက လက်ခံနိုင်စရာမဟုတ်ပေ။ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် စိုးဝင်းက ဆွေးနွေးပွဲကိုအဆုံးသတ်ရန် တောင်းဆိုခဲ့ပြီး တပ်မတော် အတွင်းကိစ္စသည် တပ်မတော်၏ အရေးကိစ္စသာ ဖြစ်သည်ဟုဆိုခဲ့သည်။

အနာဂတ်တွင် ခွဲထွက်ခြင်းကိုတားမြစ်လိုက်သော အပိုဒ်ထည့်မည့်ကိစ္စတွင်မူပို၍ အငြင်းပွားစရာများ ထွက်လာသည်။ NCA တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၏ အခြေခံတွင် ပြည်ထောင်စုမှ ခွဲမထွက်ရေးကိုလက်ခံရန် လက်မှတ်ထိုးထားသည့် အပိုဒ်ပါသော်ငြား တပ်မတော်က ထိုကိစ္စကိုအခိုင်အမာပင် ဆက်လက် ပြောဆိုလျက်ရှိသည်။ ငြိမ်းချမ်းရေးဖြစ်စဉ်ကို နိုင်ငံရေး ဆွေးနွေးဝိုင်းအထိ သွားရန်အတွက် ယခင်ဆွေးနွေးပွဲများတွင် သဘောတူထားပြီးဖြစ်သည်။ နိုင်ငံရေးဆွေးနွေးမှသည် အခြေခံဥပဒေသစ်ကို အခြေခံရန်အတွက် မူများကိုသဘောတူညီမှုရနိုင်ရန် ဆောင်ရွက်ကြမည်ဖြစ်သည်။

“စစ်မှန်စွာ ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် ခွဲထွက်ရေးက အရေးကိစ္စတစ်ခု မဟုတ်တော့ပါဘူး။ ဖက်ဒရယ်ပြည်ထောင်စုဟာ လူတိုင်းရဲ့ အခွင့်အရေးတွေကို သဘောတူပေးထားပါတယ်”ဟု ရွက်ဆစ်ကဆိုသည်။ “ဒီလိုမျိုးဆိုရင် ခွဲထွက်စရာမလိုတော့ဘူး”ဟုဆိုသည်။ တိုင်းရင်းသားခေါင်းဆောင်များ၏ လာမည့်အစည်းအဝေးတွင် “ပြည်တွင်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရခြင်း”ဆိုသည့်အပိုဒ်ပါလာမည့် အယူအဆကို အစုအဖွဲ့က လက်ခံဖွယ်ရှိသည်ဟုမျှော်လင့်ရပြီး အစုအဖွဲ့အတွင်းရှိ တိုင်းရင်းသားခေါင်းဆောင်များ ယုံကြည်လက်ခံမှုက ကစားပွဲအတွက် အဖြေဖြစ်နိုင်ပြီး “ခွဲမထွက်ရ”ဆိုသောအပိုဒ် လိုအပ်နေခြင်းကို အစားထိုးနိုင်မည်ဟု ယူဆရသည်။

သို့သော် တပ်ချုပ်သည် တိုင်းရင်းသားခေါင်းဆောင်များကို ရန်ဆွနေပြီး ပြင်းပြင်းထန်ထန် သဘောထားကွဲလွဲမှုများ ဖြစ်လာစေရန် မီးထိုးနေသည်ဟု RCSS ခေါင်းဆောင်ကပြောသည်။ အဆိုပါအမြင်သည် အခြားတိုင်းရင်းသားခေါင်းဆောင်များ အတွင်းတွင်လည်းအတော်များများရှိကြသည်။ သူ့အမြင်မှာ ရှင်းလင်းထင်ရှားသည်ဟု အဆိုပါ ဆွေးနွေးဝိုင်းအတွင်းရှိကြသော အခြားတိုင်းရင်းသားခေါင်းဆောင်များကဆိုသည်။ “သူက ပြဿနာတွေ ဖြေရှင်းဖို့ လာတာမဟုတ်ဘူး။ တစ်ယောက်နဲ့ တစ်ယောက်ကြား တင်းမာမှုတွေ ဖန်တီးပြီး ပြဿနာတွေ ပိုဖန်တီးဖို့ လာတာဖြစ်တယ်”ဟု ရွက်ဆစ်က ပြောသည်။ ခွဲထွက်ခြင်းကိစ္စသည် NCA ၏ အစိတ်အပိုင်းတစ်ရပ် မဟုတ်ကာ ထိုအရေးကိစ္စကိုမတင်သင့်ပါဟုလည်းဆိုသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယင်းသို့ပြုမူနေခြင်းတွင် ကွယ်ဝှက်ထားသော ရည်ရွယ်ချက်ရှိတာ သိသာသည်ဟု အစည်းအဝေးရောက် တိုင်းရင်းသားခေါင်းဆောင်များကဆိုသည်။ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရွှေ့ကွက်မသာအောင် လုပ်နေခြင်းဖြစ်နိုင်သည်ဟု နောက်ထပ် တိုင်းရင်းသားခေါင်းဆောင်တစ်ဦးက ပြောကြားသည်။ ပထမ ညနေခင်းထမင်းစားပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ၎င်းအတွက် ခွဲထွက်ခြင်းဆိုင်ရာအပိုဒ် ပါဝင်ခြင်း မပါဝင်ခြင်းက အရေးအကြီးဆုံးမဟုတ်ဟု ရွက်ဆစ်ကိုပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ပွင့်လင်းပြီးစကားပြောဆိုရလွယ်သည်ဟု ရွက်ဆစ်က ပြောကြားသည်။ သူမ၏ အနေအထားက ရှင်းပါကြောင်း၊ ရွေးကောက်ပွဲနိုင်ခဲ့ကြောင်း၊ သဘောတရားအရ အာဏာပိုင်ကြောင်း၊ သို့သော် စစ်တပ်က သူမ၏အလုပ်ကို ကောင်းကောင်းမလုပ်နိုင်အောင် ပိတ်ဆို့ထားကြောင်း ရွက်ဆစ်က သုံးသပ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ပြောင်မြောက်သော နိုင်ငံရေးသမားတစ်ဦးဖြစ်ကာ၊ ချိတ်ဆက်ဆောင်ရွက်၊ ညှိနှိုင်းတတ်ကာ ထောက်ထားလိုက်လျောတတ်သူ ဖြစ်သည်ဟုလည်း ၎င်းကပြောသည်။ သူမသည် အများ သက်သောင့်သက်သာဖြစ်စေအောင် ဆောင်ရွက်ပေးသော်လည်းယုံကြည်ချက်နှင့် မူဝါဒများအတွက် ကြံ့ကြံ့ခံသူဖြစ်ကြောင်းပြောဆိုသည်။

တပ်မတော်က ပြဿနာဖြစ်နေသည်။ ငြိမ်းချမ်းရေးရရှိစေမည့် နိုင်ငံရေးသဘောတူညီချက်တစ်ခု ရရှိရန်လိုပါက ပြင်ဆင်ရမည်ဖြစ်သော ၂၀၀၈ အခြေခံဥပဒေနှင့် တပ်မတော်ကတစ်သားတည်းဖြစ်နေသည်ဟု တိုင်းရင်းသားခေါင်းဆောင်များကပြောသည်။ “ခွဲမထွက်ရေးကို အခိုင်အမာပြောဆိုနေတာဟာ ၎င်းရဲ့ပါဝါကို အကာအကွယ် လုပ်နေခြင်းဖြစ်ပါတယ်”ဟု ရွက်ဆစ်ကပြောသည်။ အရပ်သားအစိုးရက ဆက်ခံဆောင်ရွက်မည်ကို မလိုလားသဖြင့် ယင်းအပိုဒ်ကိုထည့်ချင်နေခြင်းဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပါဝါကိုလိုလား၏။

“NCA ရဲ့ မူဘောင်ထဲကနေ ငြိမ်းချမ်းရေးရရှိအောင် ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်ပါမယ်”ဟု RCSS ဥက္ကဋ္ဌက ပြောကြားသည်။ လွန်ခဲ့သည့် ၃ နှစ်က NCA ထိုးခဲ့ပြီးနောက် နိုင်ငံရေးပါတီများနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းကိုယ်စားလှယ်များပါဝင်မည့် နိုင်ငံတော်အဆင့် ဆွေးနွေးရာတွင် ယင်းကိစ္စကို ကျယ်ပြန့်စွာ သဘောတူထားကြသည်။

သို့သော် တပ်မတော်သည် ၎င်းတို့၏ အဓိကဖြစ်သော တပ်မတော်၏ မူဝါဒခြောက်ရပ် (မခွဲထွက်ရေး ပါဝင်သည်) ကို ရပ်ခံတင်ပြနေခဲ့ပါသည်။ ထို့နောက် တရားမဝင် လုပ်ရပ်များဟုစွပ်စွဲခြင်း၊ NCA တွင် နယ်မြေ သတ်မှတ်သည့်စည်းများမပါဘဲ အစုအဖွဲ့များ၏ ရုံးချုပ်များသာပါကာ နယ်မြေကျော်သည်ဟု ပြောကြားခြင်းတို့ ရှိသည်ဟုဆိုသည်။ အကယ်၍ တပ်မတော်က NCA တွင် ဆက်လက် တံခါးပိတ်နေခဲ့ပါလျှင် ပြည်တွင်းစစ်က ပြန်ဖြစ်ပေလိမ့်မည်။

“အကယ်၍ စစ်တပ်ကဆက်ပြီးကန့်လန့်လုပ်မယ်ဆိုရင် ကျွန်တော်တို့ဟာ လက်နက်ကိုင်တော်လှန်ရေးကို ပြန်သွားဖို့ကလွဲလို့ ရွေးစရာမရှိတော့ဘူး။ ဒီတစ်ခါတော့ တောအုပ်ထဲမှာပဲနေမှာမဟုတ်ဘဲ မြို့ကြီးတွေကို တိုက်ခိုက်ရပါလိမ့်မယ်”ဟု ရွက်ဆစ်က ပြောကြားသည်။