News

POST TYPE

POLITICAL

ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီကို မဲပေးရန် ချင်းတိုးတက်ရေးပါတီ တိုက်တွန်း
22-Oct-2018
ကလေး၊ အောက်တိုဘာ ၂၁

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်း ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ချင်းတိုင်းရင်းသားပါတီနှစ်ခုအနက် ချင်းတိုးတက်ရေးပါတီက တစ်ဖက်ပါတီ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီကို မဲပေးရန်တိုက်တွန်းသည့် ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့်အောက်တိုဘာလ ၁၉ ရက်နေ့ ရက်စွဲဖြင့် ပါတီက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ကန်ပက်လက်မြို့နယ် ချင်းတိုးတက်ရေး ပါတီဝင်များအနေနှင့် လာမည့် နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၌ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်း ဦးကီးထန်းလွန်းကို ထောက်ခံဆန္ဒပြုကြပါရန် တိုက်တွန်းအပ်ပါသည်ဆိုသည့်အချက် အပါအဝင် အချက်သုံးချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“ပါတီကပူးပေါင်းဖို့ လက်မှတ်လည်း ထိုးပြီးပြီ။ တစ်နေရာတည်းမှာပဲ ပူးပေါင်းတော့မယ့် ချင်းပါတီ နှစ်ပါတီဝင် ပြိုင်နေရင် ပြည်သူတွေက ဇဝေဇဝါဖြစ်ကုန်မှာလည်း ကျွန်တော် စိုးရိမ်တယ်။ CNDP က နိုင်တယ်ဆိုရင် ချင်းပါတီကနိုင်တယ်ဆိုပြီး ကြည်ကြည်ဖြူဖြူနဲ့ လက်ခံတာပေါ့”ဟု ချင်းတိုးတက်ရေးပါတီဥက္ကဋ္ဌ ပူးနိုးထန်ကပ်က ပြောဆိုသည်။

ချင်းနိုင်ငံရေးပါတီများအနက် ချင်း ဒီမိုကရေစီအဖွဲ့ချုပ် (CLD)၊ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ (CNDP) နှင့် ချင်းတိုးတက်ရေးပါတီ (CPP) ပါတီသုံးခုသည် တစ်ပါတီအဖြစ် ပေါင်းစည်းနိုင်ရေးအတွက် နိုင်ငံရေးပါတီများ ပေါင်းစည်းရေးဆိုင်ရာ ညှိနှိုင်းကော်မတီကို ဖွဲ့စည်းပြီး တစ်နှစ်ကျော်ကြာ ဆွေးနွေးအပြီး ချင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အမည်ဖြင့်ပူးပေါင်းကာ အောက်တိုဘာလ ၁၆ ရက်နေ့တွင် ပါတီသစ်အမည်ကို မှတ်ပုံတင်ခဲ့သည်။

ယင်းသို့ပြုလုပ်ပြီးနောက် ပါတီနှစ်ခုဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည့် ကန်ပက်လက်မဲဆန္ဒနယ်တွင် ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီကို ဆန္ဒမဲပေးကြရန် ချင်းတိုးတက်ရေးပါတီက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာလအတွင်းကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကန်ပက်လက်မြို့ နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ချင်းတိုးတက်ရေးပါတီ (CPP) နှင့် ချင်း အမျိုးသားဒီမိုကရက်တစ်ပါတီ (CNDP)၊ မတူပီမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာတွင် ချင်းဒီမိုကရေစီအဖွဲ့ချုပ် (CLD) က ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

“ပါတီတစ်ခုက ကိုယ်စားလှယ်ဖြစ်တယ်။ ကော်မရှင်မှာလည်း မှတ်ပုံတင်ထားပြီးဖြစ်တဲ့အတွက်ကြောင့် ဆက်လက်ပြီး ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်”ဟု ကန်ပက်လက်မြို့နယ်တွင် ချင်းတိုးတက်ရေးပါတီ (CPP) ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ဦးမနားရှင်းက ပြောဆိုသည်။

R-20