News

POST TYPE

POLITICAL

ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်မှုများတွင် လယ်သမားအရေး ဦးစားပေးမဲဆွယ်ကြောင်း စောင့်ကြည့်စစ်တမ်းဖော်ပြ
19-Oct-2018
ရန်ကုန်၊ အောက်တိုဘာ ၁၈

လာမည့်ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလများတွင် ကိုယ်စားလှယ်လောင်းများအနေနှင့် မဲဆွယ်ရာတွင် လယ်သမားအရေးကို ဦးစားပေးကာ မဲဆွယ်ခဲ့ကြောင်း စစ်တမ်းတစ်စောင်က ဖော်ပြခဲ့သည်။

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (People’s Alliance for Credible Elections – PACE) အဖွဲ့နှင့် ဖန်တီးရာအဖွဲ့တို့ ပူးတွဲထုတ်ဝေခဲ့သည့် မဲဆွယ်စည်းရုံးရေးကာလ စောင့်ကြည့်လေ့လာခြင်း ကနဦးအစီရင်ခံစာတွင် ကိုယ်စားလှယ်လောင်းများ၏ မူဝါဒများကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

NLD ပါတီ၊ USDP ပါတီ၊ အခြားပါတီကြီးများ၊ ပါတီငယ်များနှင့် တစ်သီးပုဂ္ဂလများ စသည့်အမျိုးအစားလေးမျိုးခွဲကာ ကိုယ်စားလှယ်လောင်း အသီးသီးအား ၎င်းတို့၏ မဲဆန္ဒနယ်အတွက် ဦးစားပေး မူဝါဒလုပ်ငန်းစဉ်များထဲမှ ၃ ခုကို မေးမြန်းခဲ့ရာတွင် အမျိုးအစား လေးမျိုးလုံးက လယ်သမားအရေးကို ဦးစားပေးအနေနှင့် ဖော်ပြခဲ့ကြကြောင်း ယင်းစစ်တမ်းတွင် ဖော်ပြထားသည်။

ထို့ပြင် ဆက်လက်၍ ယင်းကိုယ်စားလှယ်လောင်းအသီးသီး၏ ပြည်နယ်နှင့် တိုင်းဒေသကြီးနှင့် တစ်နိုင်ငံလုံး ဦးစားပေးမူဝါဒများကို မေးမြန်းရာတွင် ပါတီအမျိုးအစားအားလုံးက စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ဦးစားပေးမူဝါဒများအဖြစ် သတ်မှတ်ခဲ့ကြကြောင်း ဖော်ပြခဲ့သည်။

မဲဆွယ်စည်းရုံးရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်ကိုယ်စားလှယ် ၄၃ ဦးကို သီတင်းပတ်ငါးပတ်အတွင်း ၂၁၄ ကြိမ် တွေ့ဆုံမေးမြန်းကာ အစီရင်ခံစာကို ထုတ်ဝေခဲ့ခြင်းဖြစ်ကြောင်း PACE အဖွဲ့မှ ကိုဟန်စိုးထွန်းက ပြောကြားသည်။

ထို့ပြင် ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွင် ပါတီများအကြား ပုဂ္ဂိုလ်ရေးအရအပုပ်ချမှုမရှိခဲ့သော်လည်း လူမျိုးမတူမှုအပေါ် အခြေခံသည့် လှုံ့ဆော်ပြောဆိုမှု အနည်းငယ်ကိုလည်း တွေ့ရှိခဲ့ရပြီး ပါတီကြီးအချို့ ကိုယ်တိုင်က ကျူးလွန်ခဲ့သည်များရှိခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

“ကိစ္စတစ်ခုချင်းမှာတော့ ဘယ်သူက ကျူးလွန်တယ်ဆိုတာ မဖော်ပြပါဘူး။ ကျွန်တော်တို့သိတာ ဘယ်လောက်အတိုင်းအတာအထိ လုပ်ခဲ့တယ်ဆိုတာ ခြုံငုံဖော်ပြထားတာဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

အလားတူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့အကြား မဲဆွယ်စည်းရုံးရေးပစ္စည်းများ ဖျက်ဆီးခံရမှုများ၊ NLD ပါတီ၏ စည်းရုံးရေးတွင် သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပုံများ အသုံးပြုမှုအပေါ် ကန့်ကွက်မှုများကို တွေ့ရှိရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

လာမည့် ကြားဖြတ်ရွေးကောက်ပွဲသည် နိုဝင်ဘာလ ၃ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး ကိုယ်စားလှယ်လောင်းများအနေနှင့် မဲဆွယ်စည်းရုံးခွင့်ကို နိုဝင်ဘာလ ၂ ရက်နေ့ ည ၁၂ နာရီအထိ ရရှိမည်ဖြစ်သည်။

J-08