News

POST TYPE

POLITICAL

လွှတ်တော်ကိုယ်စားလှယ်များ ပြည်တွင်းပြည်ပ အစည်းအဝေး သွားလိုပါက ဥက္ကဋ္ဌထံ တင်ပြရန် ညွန်ကြား
26-Jul-2016

နေပြည်တော်၊ ဇူလိုင် ၂၅

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အနေနှင့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၏ သင်တန်းများနှင့် အစည်းအဝေးများ တက်ရောက်ရန် ဖိတ်ကြားလာပါက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏ အတည်ပြုချက် ရယူရန် ပြည်သူ့လွှတ်တော်ရုံးက ညွန်ကြားချက် ထုတ်ပြန်လိုက်သည်။

ယင်းညွှန်ကြားချက်ကို  ဇူလိုင်လ ၂၂ ရက် ရက်စွဲဖြင့် ယနေ့ကျင်းပသော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၊ ဒုတိယ ပုံမှန်အစည်းအဝေး စတင်ကျင်းပသည့်နေ့တွင် ညွန်ကြားရေးမှူးချုပ်ရုံးမှ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ယင်းအပြင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ ကိုယ်ရေးအရာရှိများ အနေနှင့် လွှတ်တော်အစည်းအဝေးခန်းမ အတွင်းသို့ ဝင်ထွက်နေခြင်းကိုပါ ဝင်ထွက်ခွင့် မပြုရန် အဆိုပါ ညွှန်ကြားချက်တွင် ထည့်သွင်းဖော်ပြထားသည်။

လွှတ်တော်ကိုယ်စားလှယ်များကို INGOs၊ NGOs နှင့် CSOs တစ်ခုခုမှ ပြည်တွင်းပြည်ပ အစည်းအဝေးများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ သင်တန်းများ၊ လေ့လာရေးများ တက်ရောက်ရန် ဖိတ်ကြားလာပါက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ မပျက်မကွက် တင်ပြအတည်ပြုချက် ရယူရန်နှင့် ဖိတ်ကြားခံရသည့် ကိုယ်စားလှယ်များ၊ ကော်မတီများအနေနှင့် မိမိထံတစ်ဦးချင်း ဖြစ်စေ၊ ကော်မတီခေါင်းစဉ်ဖြင့် ဖြစ်စေ ဖိတ်ကြားလာပါက ဖိတ်ကြားလာသည့် အဖွဲ့အစည်းများထံသို့ ‘ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ လိပ်မူ၍ ဖိတ်ကြားစေလိုကြောင်း ပြန်လည်ပြောကြားပေးရန်’ ဟု ညွှန်ကြားချက်တွင် ထပ်မံ ရေးသားဖော်ပြထားသည်။

ယခုကျင်းပမည့် လွှတ်တော်တွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေ ငွေစာရင်း (ပြင်ဆင်ချက်) နှင့် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (မူကြမ်း) တို့အား အတည်ပြု ပြဋ္ဌာန်းနိုင်ရေးကိစ္စ အပါအဝင် လွှတ်တော်အသီးသီးရှိ ဆောင်ရွက်ဆဲ ဥပဒေကြမ်းများ အနက်မှ မဖြစ်မနေ ဦးစားပေး ဆောင်ရွက်ရမည့် ဥပဒေကြမ်းများ ရှိနေကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောသည်။

ယင်းအပြင် အဆိုများအနေနှင့် ပထမအကြိမ် အစည်းအဝေး၌ တင်သွင်းခဲ့ပြီး ဆွေးနွေးရန် ကျန်ရှိသော အဆိုများ အပါအဝင် တင်ပြဆွေးနွေးရန် အသင့်ဖြစ်နေသည့် အဆို  ၁၂ ခု ရှိနေကြောင်း၊ မေးခွန်းများ အနေနှင့် ပထမအကြိမ်မှ ယခု ဒုတိယအကြိမ်သို့ ပြောင်းရွှေ့မေးမြန်းရမည် ဖြစ်သော မေးခွန်း ၈၅ ခု ရှိနေကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။