News

POST TYPE

POLITICAL

တနိုင်းတွင် ရွှေနှင့် ပယင်းလုပ်ကွက် ၅၀ ကျော် တစ်နိုင်တစ်ပိုင်ချထားပေးရန် တင်ပြ
12-Oct-2018
မြစ်ကြီးနား၊ အောက်တိုဘာ ၁၁

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းရှိ ရွှေမှော်နှင့် ပယင်းတူးဖော်ရေး လုပ်ကွက် ၅၄ ကွက်ကို တစ်နိုင်တစ်ပိုင်လုပ်ကိုင်ခွင့် တရားဝင်ချထားပေးရန် တင်ပြထားကြောင်း တနိုင်းမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက ပြောကြားသည်။

တနိုင်းမြို့နယ် ရှင်ဗွေယန်နှင့် တုံမဏီဒေသရှိ ရွှေမှော်နှင့်ပယင်းလုပ်ကွက်တို့တွင် တစ်နိုင်တစ်ပိုင်လုပ်ကိုင်ခွင့်လျှောက်ထားသည့် လုပ်ကွက် ၅၄ ကွက်ရှိပြီး ယင်းလုပ်ကွက်များကို အမြန်ဆုံးချထားပေးရန် သက်ဆိုင်ဝန်ကြီးဌာနသို့ တင်ပြထားကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါဒေသရှိ တရားမဝင်လုပ်ကွက်များကို တရားဝင်ဖြစ်စေရန်၊ ဒေသခံများ အလုပ်အကိုင်ရရှိစေရန်နှင့် ပြည်နယ်အစိုးရအတွက် အခွန်ဘဏ္ဍာငွေများ တိုးမြင့်လာစေရန်အတွက် လွှတ်တော်တွင် တင်ပြထားခြင်းဖြစ်ကြောင်း ဦးဇော်ဝင်းက ဆက်လက်ပြောကြားသည်။

တနိုင်းမြို့နယ်အတွင်းရှိ ရွှေနှင့် ပယင်းမှော်အချို့သည် လုံခြုံရေးအကန့်သတ်ရှိသည့်နေရာများကို တရားဝင်လုပ်ကွက်ချထားပေးခြင်းကို ခေတ္တဆိုင်းငံ့ထားမည်ဖြစ်ပြီး လျှောက်ထားသည့် လုပ်ကွက် ၅၄ ကွက်ကို ပြည်ထောင်စုသို့တင်ပြ၍ ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်နယ်အစိုးရ အဖွဲ့ထံမှ သိရသည်။ 

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်း တရားမဝင် ရွှေမှော်နှင့် ပယင်းမှော်များအနေနှင့် နန့်ကွမ်း၊ တုံမဏီ၊ ဝမ်းပလာ၊ အင်းကြော၊ တံတားရှည်၊ ဝေဘီ၊ ခမံစီ၊ တော်လယ်၊ လဘူခ၊ ဝေလော၊ နမ်ဗြူ၊ အောင်လောဒ့်၊ ရှမ်းစု၊ ဆန်ဂိုဒေါင်၊ ထန်းပရား၊ မိုင်းခွန်၊ ဇီးဖြူကုန်းနှင့် ညောင်ပင်ကုန်းမှော်များရှိကြောင်း ဒေသခံများထံမှ သိရသည်။

R-06