News

POST TYPE

POLITICAL

မြန်မာ့ပထမဆုံး သမ္မတပုံတူကြေးရုပ် ညောင်ရွှေတွင် စိုက်ထူမည်
10-Oct-2018


မန္တလေး၊ အောက်တိုဘာ ၉

မြန်မာနိုင်ငံ၌ သမ္မတတာဝန်ကို ပထမဆုံးထမ်းဆောင်ခဲ့သော ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်၏ ပုံတူကြေး ရုပ်တုကို ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ရှိ မင်္ဂလာရပ်ကွက်၌ အောက်တိုဘာလ ၁၉ ရက်နေ့တွင် စိုက်ထူမည်ဖြစ်ကြောင်း ကြေးသွန်းရုပ်တုဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြောကြားသည်။

ညောင်ရွှေစော်ဘွားကြီးစဝ်ရွှေသိုက်သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသမ္မတ ဖြစ်ခဲ့သကဲ့သို့ ပင်လုံစာချုပ် ချုပ်ဆိုရာတွင်လည်း ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ဦးဆောင်ပါဝင်ခဲ့သည့်အတွက် ဂုဏ်ပြုစိုက်ထူရခြင်းဖြစ်သည်ဟု ၎င်းကပြောဆိုသည်။ 

“ပင်လုံစာချုပ်ကစပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးရတဲ့အထိ ဗိုလ်ချုပအောင်ဆန်းနဲ့အတူ ကြိုးပမ်းခဲ့တယ်။ ပထမဦးဆုံးသမ္မတ ဖြစ်ခဲ့တယ်။ ကျွန်မရဲ့စိတ်ထဲမှာ အဖေ့ကို ရိုသေလေးစားတယ်။ သူ့ရဲ့ လုပ်ဆောင်ချက်တွေအတွက်လည်း ဂုဏ်ယူခဲ့တယ်။ ဒါပေမဲ့ ၁၉၆၂ ခုနှစ်ကစလို့ အမှောင်ကျခဲ့တယ်”ဟု ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်၏သမီးဖြစ်သူ စဝ်ဟေမာသိုက်က ပြောကြားသည်။

ညောင်ရွှေမြို့တွင်စိုက်ထူမည့် စော်ဘွားကြီးစဝ်ရွှေသိုက်၏ ရုပ်တုမှာ အမြင့် ၆ ပေ ၃ လက်မရှိပြီး မန္တလေးမြို့ တမ္ပဝတီရပ်ကွက်ရှိ မြန်မာ့ရိုးရာကြေးသွန်း ပန်းတဉ်းလုပ်ငန်းတွင် ထုလုပ်ခဲ့ကာ အောက်တိုဘာ ၁၃ ရက်နေ့တွင် မန္တလေးမြို့မှ သယ်ဆောင်မည်ဖြစ်ကာ အောက်တိုဘာလ ၁၉ ရက်နေ့တွင် ညောင်ရွှေမြို့ မင်္ဂလာရပ်ကွက်ရှိ စော်ဘွားကြီး၏သင်္ချိုင်းအနီးတွင် စိုက်ထူမည်ဖြစ်သည်။

ညောင်ရွှေစော်ဘွားကြီးစဝ်ရွှေသိုက်ကို ၁၈၉၆ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ပင်လုံစာချုပ် ချုပ်ဆိုရာ၌ပါဝင်ခဲ့ပြီး ၁၉၄၈ ခုနှစ်မှ ၁၉၅၂ ခုနှစ်အထိ သမ္မတတာဝန် ထမ်းဆောင်ခဲ့ပြီးနောက် ၁၉၆၂ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့ရှိ အင်းစိန်ထောင်အတွင်း၌ ကွယ်လွန်ခဲ့သည်။ 

M-01



  • VIA